၁၅ ယောက်ပါတယ် ချမလားဆိုတဲ့ ခါးပိုက်နှိုက်အဖွဲ့ ဖမ်းဆီးရမိမှု (သတင်းအပြည့်အစုံ)

လူမှုကွန်ရက်စာမျက်နှာပေါ်တွင်ဖော်ပြပါရှိသည့် YBS(၂၀)တွင် ခရီးသည် အမျိုးသမီးတစ်ဦးကိုဆဲဆိုကြိမ်းမောင်းသူများအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးရမိ

ရန်ကုန်၊ဇန်န၀ါရီ ၁၃

၂၀၁၇ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်နေ့က YBS (၂၀) မော်တော်ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသည့် အမျိုးသမီးတစ်ဦးအား ခါးပိုက်နှိုက်စဉ်သိရှိသွား၍ ခါးပိုက်နှိုက်သူများက ဆဲဆိုကြိမ်းမောင်းပြောဆိုခဲ့မှုအား လူမှု ကွန်ရက်စာမျက်နှာပေါ်တွင် ဖော်ပြပါရှိသည့် ပြစ်မှုကျူးလွန်သူများအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၃၁ ရက်နေ့က လှိုင်သာယာမြို့နယ်မှ သခင်မြပန်းခြံအထိပြေးဆွဲသော YBS (၂၀) ယာဉ်ပေါ်သို့ လိုက်ပါလာသူ အမျိုးသမီးမှာ ခါးပိုက်နှိုက်ခံရကြောင်း ၊ ပစ္စည်းပါဆုံးခြင်းမရှိကြောင်း ယာဉ်မောင်း နှင့်ယာဉ်နောက်လိုက်တို့အား ပြောဆိုအသိပေးခဲ့သဖြင့်
ဓမ္မစေတီလမ်းနှင့် အင်းယားလမ်းထိပ် မီးပွိုင့် အရောက်တွင် အမျိုးသား(၂)ဦးဆင်းသွားပြီး အဆိုပါ အမျိုးသမီးနှင့် ယာဉ်မောင်းတို့အား ဆဲဆိုကြိမ်းမောင်း ပြောဆိုခဲ့သဖြင့် စမ်းချောင်းမြို့မရဲစခန်းသို့တိုင်တန်းခဲ့ရာ (ပ)၄၉၂/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၉၄/၅၀၆/၁၁၄ ဖြင့် အမှုဖွင့်စုံစမ်း
ဆောင်ရွက်ခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဆောင်ရွက်လျက်ရှိသည့် လင်းယုန်စီမံချက် အဆင့်(၁)ဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များကခရီးသည် မော်တော်ယာဉ်ပေါ်တွင် ခါးပိုက်နှိုက်များ ဖမ်းဆီးရမိရေးနှင့် လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြပါရှိသည့် အဆိုပါ ဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူများ အမြန်ဖမ်းဆီး ရမိရေးအတွက် စုံစမ်း ဆောင်ရွက်ခဲ့ရာ YBS (၂၀)ယာဉ်လိုင်းပေါ်တွင် တပ်ဆင်ထားသည့် CCTV မှတ်တမ်းအား စစ်ဆေးရာမှ ပြစ်မှုကျူးလွန်သူများမှာ ယခင်က ခါးပိုက်နှိုက်မှုဖြင့် ပြစ်ချက်ဟောင်းရှိသူ သန်လျင်မြို့နယ်၊ လက်ယက် စမ်းကျေးရွာနေ စိုးလင်းထိုက် (ခ)ဖိုးလုံး၊ ကြည့်မြင်တိုင် မြို့နယ်နေ မြင့်နိုင်(ခ)ကုလား၊ ကျော်လင်းထိုက်နှင့် ထွန်းထွန်းတို့ဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။

ပြစ်မှုကျူးလွန်သူများ ဖမ်းဆီးရမိရေးအတွက် လင်းယုန်စီမံချက်(၁)ဆောင်ရွက်နေသော ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ အုပ်ချုပ်မှုဌာနခွဲမှ ရဲအုပ်ဝင်းမင်းထွန်းနှင့်အဖွဲ့က ၉-၁-၂၀၁၈ ရက်နေ့ ၁၁၁၅ အချိန်တွင် YBS (၃၆)ယာဉ်လိုင်းပေါ်သို့ အသွင်ယူလိုက်ပါလာစဉ် မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းမကြီး၊ (ဃ)ဈေးမှတ်တိုင်တွင် ခါးပိုက်နှိုက် စိုးလင်းထိုက်(ခ)ဖိုးလုံး(၃၂)နှစ်၊ ကျော်လင်းထက်(၂၁)နှစ်နှင့် ၀င်းကျော်ကျော်(ခ) အူစမန်(၄၁)တို့အား ဖမ်းဆီးရမိခဲ့ပြီး မြောက်ဥက္ကလာပမြို့မရဲစခန်းတွင် (ပ)၂၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉(နှိုက်)/၅၄ ဖြင့်
အမှုဖွင့်အရေးယူခဲ့ပါသည်။

ဖမ်းဆီးရမိသည့် ခါးပိုက်နှိုက်(၃)ဦး၏ စစ်ဆေးပေါ်ပေါက်ချက်အရ အောက်တိုဘာလ ၃၁ ရက်နေ့က စိုးလင်းထိုက်(ခ)ဖိုးလုံး၊ ကျော်လင်းထက်၊ မြင့်နိုင်(ခ)ကုလား၊ ထွန်းထွန်းနှင့် မြင့်နိုင်(ခ)ကုလားနှင့်အတူပါရှိလာသည့် အမည်မသိ အမျိုးသား(၃)ဦး၊ စုစုပေါင်း(၇)ဦးတို့က ကြည့်မြင်တိုင်မြို့နယ်၊ ကျောင်းရှေ့မှတ်တိုင်မှ မြေနီကုန်းသို့ သွားသည့် YBS(၂၀) ယာဉ်လိုင်းပေါ်တွင် လိုက်ပါလာခဲ့ပြီး ခရီးသည် အမျိုးသမီးတစ်ဦးအား ခါးပိုက်နှိုက်စဉ် သိရှိသွားသဖြင့် ယာဉ်မောင်းနှင့် ယာဉ်အကူတို့အား ပြောကြားခဲ့ခြင်းကြောင့် အင်းယားလမ်းနှင့် ဓမ္မစေတီလမ်း မီးပွိုင့်အရောက်တွင်
ဆင်းခဲ့ပြီး ယာဉ်မောင်း၊ ယာဉ်အကူနှင့် ခါးပိုက်နှိုက်ခံရသူ အမျိုးသမီးတို့အား ဆဲဆိုကြိမ်းမောင်းခဲ့ကြောင်းပေါ်ပေါက်ပါသည်။


ပြစ်မှုကျူးလွန်သူ စိုးလင်းထိုက်(ခ)ဖိုးလုံးမှာ သာကေတမြို့နယ်အတွင်း ဓါးကိုင်ဆောင် မူးယစ်ရမ်းကားသဖြင့် လက်နက်များအက်ဥပဒေပုဒ်မ၁၉(င)ဖြင့် ထောင်ဒဏ်ကျခံခဲ့ဖူးကြောင်း၊ ၂၀၁၄ ခုနှစ်က ကျောက်တန်း-တာမွေ ယာဉ်လိုင်းပေါ်တွင် ခါးပိုက်နှိုက်မှုဖြင့် ထောင်(၁)နှစ်ကျခဲ့ဖူးကြောင်း၊ ၂၀၁၅ ခုနှစ်တွင် ၄င်းနှင့်အတူ (၅)ဦး တို့ကကျောက်တန်း-တာမွေသို့ပြေးဆွဲနေသော ယာဉ်လိုင်းများကို အုပ်စုဖွဲ့ မိုက်ကြေးခွဲကာ ခြိမ်းခြောက်ငွေတောင်းခံသဖြင့် ထောင်(၁)နှစ်ကျခဲ့ဖူးကြောင်းသိရပါသည်။

ဖမ်းဆီးရမိသည့် ပြစ်မှုကျူးလွန်သူ စိုးလင်းထိုက်(ခ)ဖိုးလုံးနှင့်ကျော်လင်းထက်တို့အား ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ထွက်ပြေးတိမ်းရှောင်နေသူ ကုလား(ခ)မြင့်နိုင်၊ ထွန်းထွန်းနှင့် အမည်မသိ အမျိုး သား(၃)ဦးတို့အားအမြန်ဆုံးဖမ်းဆီးရမိရေးဆောင် ရွက်လျက်ရှိကြောင်းနှင့် ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice/
၁၅ ယောက်ပါတယ် ချမလားဆိုတဲ့ ခါးပိုက်နှိုက်အဖွဲ့ ဖမ်းဆီးရမိမှု (သတင်းအပြည့်အစုံ) ၁၅ ယောက်ပါတယ် ချမလားဆိုတဲ့ ခါးပိုက်နှိုက်အဖွဲ့ ဖမ်းဆီးရမိမှု (သတင်းအပြည့်အစုံ) Reviewed by THITHTOOLWIN on 20:46 Rating: 5
Powered by Blogger.