ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ မနေ့ညက ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းနဲ့ပတ်သက်ပြီး သေဆုံးသူ(၈)ဦးရှိခဲ့တယ်လို့ ဒီနေ့နေ့လည်အထိရတဲ့သတင်းတွေအရ သိရပါတယ် (ဇန်န၀ါရီလ ၁၇ ရက်နေ့ နေ့လည် (၂း၃၀)စုံစမ်းချက် ။ ဒဏ်ရာရရှိသူ (၁၂)ဦးရှိခဲ့ပြီး မြောက်ဦးနဲ့ စစ်တွေမြို့နယ် ဆေးရုံတွေမှာ ပို့ဆောင်ကုသပေးနေပါတယ်။
မနေ့ညက ကျင်းပဖို့စီစဉ်ထားတဲ့ (၂၃၃)နှစ်ပြည့် ရခိုင်ဘုရင်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးမှု စာပေဟောပြောပွဲ ပိတ်ပင်ခံရတာနဲ့ပတ်သက်ပြီးဆန္ဒပြရာကနေ ဖြစ်ပွားခဲ့တာပါ။ စာပေဟောပြောပွဲကျင်းပ တဲ့နေရာဟာ မြောက်ဦးမြို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနရဲ့ မြောက်ဦးမြို့ နန်းတော်ရာကုန်းကို အသုံးပြုခဲ့တာကြောင့် အထက်က ခွင့်ပြုချက်မရရှိတဲ့အတွက် ပိတ်ပင်ခဲ့ရတာဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။
ဒါကြောင့် လှည့်လည်ဆန္ဒပြခဲ့ရာ လူအင်အား (၄၀၀၀)လောက်က ခရိုင်အုပ်ချုပ်ရေးမှူးရုံးနဲ့ ခရိုင်အဆင့်ရုံးတွေရှိရာကို ချီတက်ဆန္ဒပြခဲ့ပါတယ်။ ရဲတပ်ဖွဲ့က လူစုခွဲဖို့ အကြိမ်ကြိမ်သတိပေးခဲ့ပေမယ့်ရဲတပ်ဖွဲ့ဝင်တွေဆီက သေနတ်လုယူဖို့ကြိုးစားပြီး လေးခွ၊ ကျောက်ခဲတွေပစ်ပေါက် ဆဲဆိုခဲ့တယ်လို့ လတ်တလောစုံစမ်းချက်တွေအရ သိရပါတယ်။
ဒါ့အပြင် ထွေအုပ်ရုံးတွေရဲ့ သံတံခါးတွေကို ရိုက်ချိုးပြီး ၀င်းအတွင်း ၀င်ရောက်ကာ နိုင်ငံတော်အလံဖြုတ်ချပြီး ရခိုင်ပြည်နယ်အလံကို လဲလှယ်တပ်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။ ရုံးအတွင်းအဆောက်အအုံပစ္စည်းတွေနဲ့ မော်တော်ယာဉ်တွေကို ဖျက်ဆီးခဲ့တာကြောင့် ဒုတ်၊ ဒိုင်းကိုင်ဆောင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေက လူစုခွဲခဲ့ပေမယ့် ကျူးလွန်မှုတွေဆက်လက် ပြုလုပ်ခဲ့ပါတယ်။
ဒါကြောင့် အဓိကရုန်းနှိမ်နင်းရေးသေနတ်တွေနဲ့အချက် (၆၀)လောက် ပစ်ခတ်ခဲ့ပေမယ့်လူစုမကွဲတဲ့အတွက် ကျည်အစစ်အသုံးပြုပြီး (၁၀)ချက်လောက် ပစ်ခတ်ရှင်းလင်းခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် ဒီဖြစ်စဉ်မှာ ရဲတပ်ဖွဲ့ဝင် (၂၀)လောက်ဒဏ်ရာတွေ ရရှိခဲ့ပေမယ့်လည်း မစိုးရိမ်ရဘူးလို့ သိရပါတယ် ။
ဓာတ်ပုံ ........... မောင်(စွယ်စုံကျမ်း)
5 PLUS NEWS
https://www.facebook.com/5plusnews

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ မနေ့က ဖြစ်ပေါ်ခဲ့တဲ့ အဓိကရုဏ်း နဲ့ ပတ်သက်တဲ့ လတ်တလော စုံစမ်းချက်
Reviewed by THITHTOOLWIN
on
17:51
Rating: