![]() |
ကယားပြည်နယ် လွှတ်တော်အစည်းအဝေး ကျင်းပနေစဉ်/ Photo: RFA |
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တပ်ဖွဲ့ဝင် ၃ ဦးနဲ့ အရပ်သားတစ်ဦး အသတ်ခံရတဲ့အပေါ် ကန့်ကွက်ဆန္ဒပြခဲ့တဲ့ လူငယ် ၅ ဦး ဖမ်းဆီးခံထားရတဲ့ကိစ္စနဲ့ပတ်သက်ပြီး နှုတ်ဆိတ်နေတဲ့ လွှတ်တော် ကို အယုံအကြည်မရှိတာကြောင့် နှုတ်ထွက်စာတင်တာလို့ ပြည်နယ်လွှတ်တော် တိုင်စာ၊ ပစ်စာလေ့လာဆန်းစစ်ရေးကော်မတီ အဖွဲ့ဝင် ခူးတူရယ် က ပြောပါတယ်။
"ကယားပြည်နယ်လွှတ်တော်ကို အယုံအကြည်မရှိတာလည်းပါတယ်၊ ပြီးတော့ အသတ်ခံရတဲ့သူတွေအပေါ်မှာလည်း သူတို့တစ်စုံတစ်ရာ ပြောဆိုဆွေးနွေး တာမျိုးမဟုတ်ဘဲနဲ့ နှုတ်ပိတ်နေတယ်၊ ဒါကိုလည်း ကျနော်တို့ အားမလိုအားမရဖြစ်တဲ့အတွက် ကျနော်တို့ နှုတ်ထွက်တယ်၊ ငြိမ်းချမ်းရေးဖြစ်စဉ်ပ်ါမှာ ထိခိုက်စေနိုင်မယ့် စစ်တပ်ရဲ့အပြုအမူပေါ်မှာ ဝေဖန်ပိုင်းခြားထောက်ပြတာမျိုးမရှိဘဲ နဲ့ နှုတ်ပိတ်နေတဲ့ ပြည်နယ်လွှတ်တော်ကို အယုံအကြည်မရှိတာလည်း ပါမယ်၊ နောက်ပြီးတော့ အမှန်တရားကို ထွက်ပေါ်လာဖို့ ဆန္ဒထုတ်ဖော်တဲ့ လူငယ်တွေကိုလည်း တရားစွဲထားတယ်ဆိုတော့ ဒီဟာတွေကို မတရားဘူးလို့ ကျနော်တို့ မြင်လို့ ကျနော်တို့ နှုတ်ထွက်တာ ဖြစ်တယ်၊ ကျနော်တို့ CSO က ၄ ယောက်လုံး နှုတ်ထွက်တယ်"
အဲဒီကော်မတီမှာ လွှတ်တော်ကိုယ်စားလှယ်တွေဦးဆောင်ပြီး စီးပွားရေးလုပ်ငန်းရှင်တွေ၊ အရပ်ဖက်အဖွဲ့တွေ စုစုပေါင်း ၂၄ ဦးပါဝင်တာ ဖြစ်ပါတယ်။
ဒီဇင်ဘာလ ၂၀ ရက်နေ့က ကယားပြည်နယ် ရှားတောမြို့က ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တပ်ဖွဲ့ဝင် ၃ ဦးနဲ့ အရပ်သား ၁ ဦးကို လွိုင်ကော်မြို့ အခြေစိုက် ဒေသကွပ်ကဲရေးစစ်ဌာနချုပ် လက်အောက်က တပ်မတော်သားတွေက သတ်လိုက်တာနဲ့ ပတ်သက်ပြီး ဒီဇင်ဘာလ ၂၂ ရက်နေ့က တက်ကြွလှုပ်ရှား သူ အယောက် ၂၀ လောက် ဆန္ဒပြခဲ့ကြပါတယ်။
အဲဒီလိုဆန္ဒပြခဲ့တဲ့အတွက် ကရင်နီပြည်လူငယ်များသမဂ္ဂအဖွဲ့က ကိုမျိုးလှိုင်ဝင်း၊ ခွန်းဂျွန်ပေါလ်၊ ခွန်းရဲမင်းကျော်၊ ခွန်းဘိုဘိုနဲ့ ကိုဒီးဒီ တို့ကို ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၉ နဲ့ လွိုင်ကော်မြို့နယ် ရဲစခန်းမှုးက တရားစွဲခဲ့တာဖြစ်ပါတယ်။
အဲဒီအမှုကို ဒီကနေ့ အမိန့်ချမယ်ဆိုပြီး ပြီးခဲ့တဲ့တစ်ခေါက်ရုံးချိန်းတုန်းက ဆုံးဖြတ်ထားပေမယ့် ဒီနေ့မှာ တရားလိုပြသက်သေ ၂ ဦးနဲ့ ဖမ်းဆီးခံထားရသူ ၅ ဦး ကိုသာ စစ်ဆေးခဲ့ပြီး အမိန့်မချသေးဘဲ လာမယ့် ဇန်န၀ါရီလ ၁၂ ရက်နေ့ကို ရုံးချိန်း ထပ်မံချိန်းဆိုလိုက်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
လွှတ်တော်ရေးရာကော်မတီအဖွဲ့ဝင် ၄ ဦး နှုတ်ထွက်
Reviewed by THITHTOOLWIN
on
20:11
Rating:
