အီရန်မှာ သေဒဏ်ကျနေသူတွေ ထောင်ချီပြီး အသက်ချမ်းသာ ရလာနိုင်

အကျဉ်းသား ၅ ထောင် လောက် အထိ အသက် ချမ်းသာရာ ရလာနိုင်ဖွယ်ရှိ
အီရန်နိုင်ငံမှာ မူးယစ်ဆေးဝါး ဆိုင်ရာ ဥပဒေကို ဖြေလျှော့မှုတွေ ပြုလုပ် လာတဲ့အတွက် မူးယစ်ဆေးဝါး ရာဇဝတ်မှုတွေကြောင့် သေဒဏ် ချမှတ် ခံရသူတွေ ထောင်ပေါင်း များစွာ အသက် ချမ်းသာရာ ရလာနိုင်စဖွယ် ရှိပါတယ်။

အဓိက အပြောင်းအလဲ လုပ်လာတာကတော့ မူးယစ်နဲ့ ပတ်သက်တဲ့ တချို့ မှုခင်းကိစ္စတွေမှာ ချိုးဖောက် ကျူးလွန်သူကို ပြစ်ဒဏ် အမြင့်ဆုံး အဖြစ် သေဒဏ် သတ်မှတ် ထားရာက ပယ်ဖျက် ပေးလိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိ သေဒဏ် ချမှတ် ခံထားရတဲ့ အမှုတွေ အားလုံးကို တကယ် စီရင်တာမျိုး မလုပ်သေးပဲ၊ ပြန်လည် သုံးသပ် ဆန်းစစ် သွားမယ် ဆိုပြီး အီရန် တရားရေး ဌာန အကြီးအကဲ Ayatollah Sadegh Larijani က အီရန် ဒေသတွင်း မီဒီယာတွေကို ပြောပါတယ်။

အခုလို ဥပဒေ ပြင်ဆင်တာမျိုး မလုပ်သေးခင် အချိန်က ချမှတ် ထားနှင့်ပြီးတဲ့ အမှုကိစ္စတွေကိုပါ ပြန်လည် စဉ်းစားပေးမယ်လို့ ဆိုတဲ့ အတွက် သေဒဏ် ချခံထားရတဲ့ အကျဉ်းသား ၅ ထောင် လောက် အထိ အသက် ချမ်းသာရာ ရလာနိုင်ဖွယ် ရှိပါတယ်။
အီရန် အာဏာပိုင်တွေ ဥပဒေဆိုင်ရာ ဖြေလျှော့မှုတွေ လုပ်ဆောင်
မူးယစ်ဆေးဝါး ဆိုင်ရာ ဥပဒေ တင်းကြပ်မှုတွေကို ပြီးခဲ့တဲ့ ၂ဝ၁၇ ဩဂုတ်လက စလို့ အီရန် အာဏာပိုင်တွေ ဖြေလျှော့တာတွေ စတင် လုပ်ဆောင် လာပါတယ်။

ဥပမာ ကုတ်ကင်း ၃ဝ ဂရမ် အလေးချိန် လက်ဝယ် တွေ့ရင်ကို သေဒဏ် ချမှတ်ရာက၊ ၂ ကီလိုဂရမ်တွေ့မှ သေဒဏ်ချမယ် ဆိုတာမျိုးတွေ ပြင်ဆင် သတ်မှတ် လာခဲ့တာပါ။

ဘိန်းမည်းနဲ့ ဆေးခြောက် ဆိုရင် သေဒဏ် ပေးမယ့် ပမာဏကို ၅ဝ ကီလိုဂရမ် အထိ အရင်ကထက် ဆယ်ဆ တိုးမြှင့် သတ်မှတ်ပါတယ်။

အခုလို အီရန်အာဏာပိုင်တွေ ဥပဒေဆိုင်ရာ ဖြေလျှော့မှုတွေ လုပ်ဆောင် လာတဲ့အပေါ် နော်ဝေ အခြေစိုက် အီရန် လူ့အခွင့်အရေး အဖွဲ့ IHR က ကြိုဆိုလိုက်ပါတယ်။

အီရန်မှာ အခုလို ဥပဒေ ပြင်ဆင် ပြောင်းလဲမှုကို နည်းလမ်းတကျ အကောင်အထည်ဖော်ပြီး တကယ်တမ်း သက်ဝင်အောက် လုပ်နိုင်မယ်ဆိုရင် ၊ သေဒဏ်ချမှတ်တာ လျှော့ချရေး လုပ်ငန်းစဉ်မှာ တကမ္ဘာလုံး အတိုင်းအတာ အနေနဲ့ကို အရေးပါတဲ့ တိုးတက်မှုတစ်ရပ် ဖြစ်လာလိမ့်မယ် ဆိုပြီး IHR အဖွဲ့က မာမွဒ် အင်မရီ မိုဂါဒမ်က ပြောပါတယ်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ Amnesty International ရဲ့ အဆိုအရ အီရန် နိုင်ငံမှာ မူးယစ်ဆိုင်ရာ ပြစ်မှုတွေ ကျူးလွန်လို့ ဆိုပြီး သေဒဏ် အပြစ်ပေး စီရင်ခဲ့သူပေါင်း ၁၉၈၈ ခုနှစ် နောက်ပိုင်းက စတွက်ရင် သောင်းနဲ့ချီ ရှိတယ်လို့ ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese
အီရန်မှာ သေဒဏ်ကျနေသူတွေ ထောင်ချီပြီး အသက်ချမ်းသာ ရလာနိုင် အီရန်မှာ သေဒဏ်ကျနေသူတွေ ထောင်ချီပြီး အသက်ချမ်းသာ ရလာနိုင် Reviewed by THITHTOOLWIN on 06:49 Rating: 5
Powered by Blogger.