ပုသိမ်မြို့ကမ်းနားဈေးမှာ ဇန်နဝါရီ (၁၉)ရက်က အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့ ဝင်ရောက်စစ်ဆေးရာက (Rodamin B) တားမြစ်ဆိုးဆေးအသုံးပြုထားတဲ့ မျှင်ငါးပိရောင်းချနေတာကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီပူးပေါင်းအဖွဲ့ဟာ ဈေးသည်တွေဆီကနေ အစားသောက်နမူနာ(၂၅)မျိုးနဲ့ အလှကုန်နမူနာ(၄)မျိုးကို ဈေးကွက်နမူနာကောက်ယူစစ်ဆေးစဉ် မျှင်ငါးပိ နမူနာသုံးခုမှာ တစ်ခုက တားမြစ်ဆိုးဆေးတွေပါဝင်နေတာကို စမ်းသပ်ကရိယာနဲ့ စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဧရာဝတီတိုင်းဒေသကြီး အစားသောက်နဲ့ဆေးဝါးကွပ်ကဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမျိုးထွန်းကျော်က ပြောပါတယ်။
စစ်ဆေးတွေ့ရှိခဲ့တဲ့ တားမြစ်ဆိုးဆေးပါဝင်တဲ့မျှင်ငါးပိတွေကို သိမ်းဆည်းကာဖျက်ဆီးပစ်ဖို့ စည်ပင်သာယာရေးအဖွဲ့နဲ့ ဈေးတာဝန်ခံကို ပေးအပ်ခဲ့တယ်လို့သိရပါတယ်။ စစ်ဆေးတွေ့ရှိတဲ့ ကမ်းနားဈေးက မျှင်ငါးပိဟာ မြို့မဈေးက ဝယ်ယူရောင်းချတာလို့သိရတဲ့အတွက် ပင်ရင်းဆိုင်အထိလိုက်ကာ နမူနာရယူစစ်ဆေးအရေးယူဖို့ ဆောင်ရွက်နေတယ်လို့လည်း ဒေါက်တာမျိုးထွန်းကျော်က ပြောပါတယ်။
မျှင်ကောင်တွေကနေထုတ်လုပ်တဲ့မျှင်ငါးပိမှာ ပန်းရောင်သန်းစေဖို့ အတွက်(Rodamin B) လို့ခေါ်တဲ့ တားမြစ်ဆိုးဆေးကို ထည့်သွင်းအသုံးပြုကြတာဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးထဲမှာ ပင်လယ်နဲ့နီးစပ်တဲ့ဒေသတွေဖြစ်တဲ့ ဖျာပုံခရိုင်ထဲကမြို့နယ်တွေနဲ့ ငပုတောမြို့နယ်တွေထဲကကျေးရွာတွေမှာ မျှင်ငါးပိ အမြောက်အမြားထုတ်လုပ်ကြတာ ဖြစ်ပါတယ်။
ဧရာဝတီတိုင်းဒေသကြီး အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက မျှင်ငါးပိမှာတားမြစ်ဆိုးဆေးသုံးစွဲနေတဲ့ တစ်တိုင်းလုံးကအချက်အလက်တွေကို ကျယ်ကျယ်ပြန့်ပြန့်ကောက်ယူခဲ့ရာ (၂၀၁၄)ခုနှစ်မှာ(၇၀)ရာခိုင်နှုန်းရှိခဲ့ရာကနေ(၂၀၁၆)မှာ (၃၀)ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့တယ်လို့ သိရပါတယ်။ မျှင်ငါးပိကြိတ်စက်တွေအထိ ကွင်းဆင်းစစ်ဆေးပြီး အသိပညာပေးအရေးယူတာတွေ လုပ်ဆောင်နေပေမယ့် လက်လှမ်းမမှီတဲ့ ကြိတ်စက်အသေးလေးတွေကနေ ဈေးကွက်ထဲကိုရောက်လာတာတွေလည်း ရှိနေတယ်လို့ ဒေါက်တာမျိုးထွန်းကျော်ကပြောပါတယ်။
(RodaminB)အသုံးပြု ထားတဲ့ အစားအသောက်တွေကို ပမာဏများများစားသုံးမိပါက လက်တစ်လောမူးဝေပျို့အန်တာတွေ၊ လေထိုးလေအောင့်၊ ဗိုက်အောင့်ဗိုက်နာဝေဒနာတွေ ခံစားရနိုင်ပြီး ရေရှည်စွဲပြီးစားသုံးမိပါက အစာအိမ်ရောဂါ၊ အသည်းရောဂါကနေ ကင်ဆာအထိဖြစ်စေနိုင်တယ်လို့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမျိုးထွန်းကျော်ရဲ့ ပြောကြားချက်အရသိရပါတယ်။ ဒီသတင်းကို ပုသိမ်ဗျူရိုက စိုးသိမ်း ပေးပို့တာ ဖြစ်ပါတယ်။
Central News Bureau
https://www.facebook.com/skynetcnb/
တားမြစ်ဆိုးဆေး အသုံးပြုထားသည့် မျှင်ငါးပိရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိ
Reviewed by THITHTOOLWIN
on
08:34
Rating:
