တဖွဲ့ချင်းအပစ်ရပ်နဲ့ အန်စီအေ အပစ်ရပ်တွေအကြား ရပိုင်ခွင့် ကွာခြားစေဖို့ တပ်အရာရှိဟောင်း တိုက်တွန်း

 ဂျေအမ်စီရဲ့ အရပ်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ်ဟောင်း ဦးပြည့်စုံ
တဖွဲ့ချင်း အပစ်ရပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အန်စီအေ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား ရပိုင်ခွင့်အခွင့်အရေးဟာ ကွာခြားချက်မရှိသလိုဖြစ်နေတဲ့အတွက် အန်စီအေ အပစ်ရပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို အချိန်ကာလသတ်မှတ်ပြီး အခွင့်အရေးပိုပေးဖို့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးအဖွဲ့ရဲ့ ဒုတိယ ဥက္ကဌ (၂) ဗိုလ်မှူးချုပ်ဟောင်း ဦးပြည့်စုံက တိုက်တွန်းလိုက်ပါတယ်။

တဖွဲ့ချင်း အပစ်ရပ်ထားတဲ့ အဖွဲ့တွေအနေနဲ့ အန်စီအေ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေးမှာ လက်မှတ်မထိုးထားပေမဲ့ အတိုင်းအတာတခုအထိ ပစ်ခတ်တိုက်ခိုက်မှု လျှော့ချထားနိုင်တာကို တွေ့ရသလို ပြန်စဉ်းစားမယ်ဆိုရင် အန်စီအေ စာချုပ်လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေထက် အဲဒီအဖွဲ့တွေက ပိုမိုအခွင့်အရေးရသလိုဖြစ်နေတယ်လို့ ဦးပြည့်စုံက ရန်ကုန်မှာ ဒီကနေ့ စတင်ကျင်းပတဲ့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲကော်မတီ အစည်းအဝေးမှာ ပြောပါတယ်။

အန်စီအေ ထိုးထားတဲ့အဖွဲ့တွေအနေနဲ့ ဘာတွေလုပ်လို့ရတယ် ဘာတွေ လုပ်လို့မရဘူးဆိုတာ စည်းကမ်းသတ်မှတ်ချက်ရှိပေမဲ့ တဖွဲ့ချင်းအပစ်ရပ်ပြီး အန်စီအေ မထိုးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ အန်စီအေပါ စည်းကမ်းချက်တွေ မလိုက်နာလည်း ပြဿနာ မရှိတဲ့ အခြေအနေမျိုးတွေ့နေရတယ်လို့ ဦးပြည့်စုံက ပြောပါတယ်။

ဒါပေမဲ့ သူ့အနေနဲ့တဖွဲ့ချင်း အပစ်ရပ်စာချုပ်တွေမှာ ဘာအချက်တွေပါတယ် ဘယ်လို စည်းကမ်းတွေ ရှိတယ်ဆိုတာတော့ မသိဘူးလို့ ဆိုပါတယ်။

အန်စီအေ အပစ်ရပ်စာချုပ် လက်မှတ်ထိုးတာ နှစ်နှစ်ရှိပြီဖြစ်ပြီးအချိန်ကြာလာတာနဲ့အမျှ ငြီးငွေ့သွားတာမျိုး ဖြစ်လာနိုင်တဲ့အတွက် အန်စီအေ လက်မှတ်ထိုးထားတဲ့ အပစ်ရပ်အဖွဲ့တွေနဲ့ တဖွဲ့ချင်း အပစ်ရပ်စာချုပ်ချုပ်ထားပြီး အန်စီအေ လက်မှတ်မထိုးသေးတဲ့အဖွဲ့တွေကြား ထင်ရှားမြင်သာတဲ့ အခွင့်အရေးကွာဟမှုတွေ ရှိစေဖို့အတွက် အချိန်ကာလသတ်မှတ်ပြီး အန်စီအေ အပစ်ရပ်ထားတဲ့အဖွဲ့တွေကို အချိန်ကာလ သတ်မှတ်ချက်အလိုက် အခွင့်အရေးပေးဖို့ ဆိုပြီး ဦးပြည့်စုံက တိုက်တွန်းလိုက်တာပါ။

ဒီလို သတ်မှတ်ပေးလိုက်ခြင်းအားဖြင့် အန်စီအေ လက်မှတ်မထိုးသေးတဲ့အဖွဲ့တွေဘက်ကလည်း ဒို့လည်း နောက်ကျကျန်နိုင်တယ် လက်မှတ်ရေးထိုးဖို့ လိုအပ်တယ်ဆိုတဲ့ အသိအမြင်မျိုး ဝင်သွားနိုင်တယ်လို့ သူက ဆိုပါတယ်။

အန်စီအေ လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေထဲက ရှမ်းမြောက် တပ်ဖွဲ့ SSPP/SSA ၊ ကရင်နီ ကေအန်ပီပီ ၊ မွန်ပြည်သစ် NMSP ၊ ဝ UWSA ၊ မိုင်းလား နဲ့ နာဂ NSCN ( k) တို့ဟာ အစိုးရနဲ့ တဖွဲ့ချင်းအပစ်ရပ်စဲရေး စာချုပ်ချုပ်ဆိုထားတဲ့ အဖွဲ့တွေဖြစ်သလို လတ်တလော တိုက်ပွဲဖြစ်နေတဲ့ ကေအိုင်အို ကချင်လွတ်မြောက်ရေးတပ်ဖွဲ့နဲ့ အစိုးရအကြားမှာလည်း ပဋိပက္ခလျှော့ချရေးအတွက် ၂၀၁၃ ခုနစ်က လက်မှတ်ရေးထိုးထားခဲ့ပါတယ်။

အန်စီအေ အပစ်ရပ်လက်မှတ်ရေးထိုးခဲ့တာ ၂ နှစ်ကျော်ခဲ့ပြီဖြစ်ပြီး နှစ်နှစ်ကျော်ကာလအတွင်း အန်စီအေ ပါအချက်တွေကို အကောင်ထည်ဖော်ဖို့အတွက် နှစ်ဘက်သံသယတွေက အခက်အခဲဖြစ်နေခဲ့တယ်လို့ ဂျေအမ်စီရဲ့ ဒုတိယ ဥက္ကဌ (၁) ဖြစ်သူ ကရင်အမျိုးသားအစည်းအရုံးမှ ဗိုလ်ချုပ်စောအိုက်ဇက်ဖိုးက ပြောပါတယ်။

နှစ်ဘက်အကြား ထိလွယ်ရှလွယ်တဲ့ အပြုအမူအပြောအဆိုတွေ မလုပ်ဖို့ သတိပြုရမဲ့ အချိန်ဖြစ်သလို အန်စီအေ ပြဌာန်းချက်တွေကို အကောင်ထည်ဖော်ရာမှာ တရားမျှတမှုရှိဖို့နဲ့ လူသားဂုဏ်သိက္ခာ မထိခိုက်စေဖို့လိုတယ်လို့လည်း သူက ပြောပါတယ်။
ရန်ကုန်မှာ ပြုလုပ်နေတဲ့ ဂျေအမ်စီရဲ့ ၁၄ ကြိမ်မြောက်အစည်းအဝေး
မကြာသေးခင်ကပဲ ကေအန်ယူ နယ်မြေတွေအတွင်း အစိုးရတပ်ဘက်က လမ်းစီမံကိန်းအကြောင်းပြချက်နဲ့ နေရာဝင်ယူခဲ့တယ်ဆိုပြီး ကေအန်ယူရဲ့ တပ်မှူးတွေဘက်က စွပ်စွဲမှုတွေ ရှိလာခဲ့သလို ကေအန်ယူ တပ်မှူးတွေ စုပေါင်းပြီး ၂၁ ပင်လုံ အစည်းအဝေးတွေကို ရွှေ့ဆိုင်းပေးဖို့လည်း တောင်းဆိုထားတာပါ။

လေ့လာသူအချို့ကတော့ အန်စီအေ အပစ်ရပ်အဖွဲ့တွေကို အခွင့်အရေးတွေ ပေးရမယ် ၊ ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ပိုင်ခွင့်နဲ့ စီမံခန့်ခွဲမှုတွေ ပေးရမယ်ဆိုတဲ့ ကိစ္စတွေဟာ အန်စီအေ လက်မှတ်ထိုးပြီးစ ကာလတွေကတည်းက လုပ်ရမဲ့ ကိစ္စတွေဖြစ်တယ်လို့ ထောက်ပြနေကြပါတယ်။

BBC Burmese
http://www.bbc.com/burmese
တဖွဲ့ချင်းအပစ်ရပ်နဲ့ အန်စီအေ အပစ်ရပ်တွေအကြား ရပိုင်ခွင့် ကွာခြားစေဖို့ တပ်အရာရှိဟောင်း တိုက်တွန်း တဖွဲ့ချင်းအပစ်ရပ်နဲ့ အန်စီအေ အပစ်ရပ်တွေအကြား ရပိုင်ခွင့် ကွာခြားစေဖို့ တပ်အရာရှိဟောင်း တိုက်တွန်း Reviewed by THITHTOOLWIN on 17:48 Rating: 5
Powered by Blogger.