![]() |
ဒေါက်တာအေးမောင်ကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁ နဲ့ စစ်တွေမြို့နယ် ရဲတပ်ဖွဲ့က ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့က ဖမ်းဆီးလိုက်ပြီး စစ်တွေအကျဉ်းထောင်ကို ပို့ဆောင်စဉ်/ Photo: Min Thein Aung/RFA |
ဒေါက်တာအေးမောင်ဟာ သူရဲ့နေအိမ်ကနေ ဖမ်းဆီးခံရတာဖြစ်ပြီး မြို့နယ်တရားရုံးမှာ အချိန်နှစ်ပတ် ချုပ်နှောင်ခွင့် ယူပြီး စစ်တွေအကျဉ်းထောင်ကို ပို့ဆောင်လိုက်ကြတာဖြစ်တယ်လို့ ဒေါက်တာအေးမောင်နဲ့ အနီးကပ်ရှိနေခဲ့တဲ့ မိတ်ဆွေဖြစ်သူ ဦးအောင်သန်းဝေက ပြောပါတယ်။
ဒေါက်တာအေးမောင်ကို သူ့ရဲ့နေအိမ်ကနေ စစ်တွေမြို့မရဲစခန်းကို အရင်ဆုံးပို့ဆောင်ပြီး အကျဉ်းထောင်အချုပ်ကို ဆက်လက်ပို့ဆောင်လိုက်တာလည်း ဖြစ်ပါတယ်။
ရခိုင်ပြည်နယ် ရသေ့တောင်မြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းကပြုလုပ်ခဲ့တဲ့ ဟောပြောပွဲတစ်ခုမှာ လက်နက်ကိုင် တော်လှန်ရေးကိစ္စတွေကို ထည့်သွင်းဟောပြောခဲ့တာနဲ့ ပတ်သက်ပြီး စာရေးဆရာ ဝေဟင်အောင်ကို ဖမ်းဆီးအရေးယူထားသလို ဒေါက်တာအေးမောင်ကိုလည်း အရေးယူဖို့ အစိုးရက ထုတ်ပြန်ပြောဆိုထားတာပါ။
ဒေါက်တာအေးမောင်ဟာ သူ့အနေနဲ့ ဖမ်းဆီးခံရမယ်ဆိုတာကို ကြိုတင်သိရှိနေခဲ့တာကြောင့် အမှုကိုရင်ဆိုင်ဖို့ အတွက် ဘယ်ကိုမှမသွားဘဲ သူ့ရဲ့နေအိမ်မှာ ရှိနေခဲ့တာဖြစ်တယ်လို့လည်း သူနဲ့အနီးကပ်ရှိနေခဲ့တဲ့ မိတ်ဆွေတွေက ပြောပါတယ်။
ဒေါက်တာအေးမောင်ဟာ ပြီးခဲ့တဲ့ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ အမ်းမဲဆန္ဒနယ်ကနေ အနိုင်ရခဲ့သူဖြစ်ပြီး ရခိုင်အမျိုးသားပါတီရဲ့ ဥက္ကဌဟောင်းလည်း ဖြစ်ပါတယ်။
ပြီခဲ့တဲ့ ဇန်န၀ါရီလ ၁၆ ရက်နေ့ ညပိုင်းကလည်း ဒေါက်တာအေးမောင်ပါဝင် ဟောပြောမယ့် ရခိုင့်အချုပ်အခြာ အာဏာ ကျရှုံးမှု အထိမ်းအမှတ် အောက်မေ့ဖွယ် အခမ်းအနားကျင်းပခွင့်ကို အာဏာပိုင်တွေက ပိတ်ခဲ့ပါတယ်။
အဲဒီပွဲကို ပိတ်လိုက်တဲ့အတွက် ခရိုင်ရဲတပ်ဖွဲ့ရုံးကို ချီတက်ဆန္ဒပြကြတဲ့ ဒေသခံတွေကို ရဲတပ်ဖွဲ့က လူစုခွဲဖို့ ကြိုးပမ်းရာမှာ သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ၇ ယောက်သေဆုံးပြီး ၁၂ ယောက် ဒဏ်ရာရသွားခဲ့ပါတယ်။
RFA Burmese
http://www.rfa.org/burmese
ဒေါက်တာအေးမောင်ကို မတရားအသင်းဆက်သွယ်မှုနဲ့ ဖမ်းဆီး
Reviewed by THITHTOOLWIN
on
17:46
Rating:
