စာဝါကြားငှက်မျိုးစိတ်ကို မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိသော မျိုးစိတ်အဖြစ် သတ်မှတ်


မြန်မာနိုင်ငံတွင် ဆောင်းခိုငှက်အဖြစ်တွေ့ရှိရသော စာဝါကြားငှက် (့Yellow-breasted Bunting) မျိုးစိတ်ကို ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလတွင် ရှားပါးမျိုး သုဉ်းလာမှု နောက်တစ်ဆင့်အဖြစ် မျိုးသုဉ်းလုနီးပါးအန္တရာယ်ရှိသော (Critically Endangered) မျိုးစိတ်အဖြစ် တိုးမြှင့်သတ်မှတ်လိုက်ခြင်းဖြစ်သည်။

Yellow-breasted Bunting မျိုးစိတ်ကို ၂ဝ၁၃ ခုနှစ်မှစ၍ မျိုးသုဉ်းရန် အန္တရာယ်ရှိသောမျိုးစိတ် (Endangered) အဖြစ် သတ်မှတ်ထားခဲ့ပြီး ငါးနှစ်ခန့် အကြာတွင် ယခုလို မျိုးသုဉ်းရှားပါးလာသည့် အန္တရာယ်အဆင့် တစ်ဆင့် တက်လာခြင်းဖြစ်သည်။ အဆိုပါငှက်မျိုးစိတ်ကိုတစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ၂ဝဝ၄ ခုနှစ်တွင် အကောင်ရေ နှစ်သိန်းခန့်တွေ့ရှိနိုင်သော်လည်း ၂ဝ၁၇ ခုနှစ်တွင် ကောင်ရေ ၁၂ဝ မှ ၆ဝဝ ကြားသာ တွေ့နိုင်တော့ကြောင်း The IUCN Red List တွင်လည်း ထုတ်ပြန်ထားသည်။

''နှစ်နှစ်၊ သုံးနှစ်အတွင်းမှာအကောင်ရေအဲဒီလောက် ကျဆင်းသွားရတာ က သူတို့ မျိုးပွားတဲ့နေရာမှာ လူတွေရဲ့ ဖမ်းဆီးသတ်ဖြတ်ခံနေရတာကအဓိက ဖြစ်ပါတယ်၊ နောက်တစ်ချက်က သူတို့ရဲ့ နေရင်းဒေသတွေ ပျောက်ဆုံးကုန်တယ်၊ ဆောင်းခိုတဲ့ နေရင်းဒေသတွေကိုရောက်ပြန်ရင်လည်း လူတွေကဖမ်းဆီး သတ်ဖြတ်ပြီးစားကြတယ်၊ အဲဒီလိုစားတဲ့နှုန်းက အလွန်များတဲ့အခါကျတော့ ဒီ နှစ်နှစ်၊ သုံးနှစ်အတွင်းမှာ လုံးဝကို ကျဆင်းသွားတာဖြစ်ပါတယ်'' ဟု သား ငှက်ထိန်းသိမ်းရေးအဖွဲ့(မြန်မာနိုင်ငံအစီအစဉ်)မှ ငှက်ပညာရှင် ဦးသက်ဇော်နိုင် က ပြောသည်။

စာဝါကြားငှက်(Yellow-breasted Bunting)မျိုးစိတ်ကို ၂ဝ၁၇ခုနှစ် အတွင်း မြန်မာနိုင်ငံ၌ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် ၆၁ ကောင်၊ ပုဂံတွင် ၁ဝ ကောင်ကျော် မှတ်တမ်းတင်ထားနိုင်ပြီး အင်းလေး၊ အင်းတော်ကြီး၊ ကလောနှင့်အခြားဒေသအချို့တွင်လည်း တွေ့ရှိနိုင်ကြောင်း သားငှက် ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)၏ မှတ်တမ်းများအရသိရသည်။

သားငှက်ထိန်းသိမ်းရေးအဖွဲ့(မြန်မာနိုင်ငံအစီအစဉ်)သည် ရှားပါးသားငှက် တိရစ္ဆာန်များကိုထိန်းသိမ်းရေးသုတေသနလုပ်ငန်းများဆောင်ရွက်လျက်ရှိသလိုစာဝါကြားငှက်(Yellow-breasted Bunting)မျိုးစိတ်ကိုလည်းထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် သုတေသနလုပ်ငန်းများ၊ ထိန်းသိမ်းရေးလုပ်ငန်း များတွင် ဒေသခံများ ပူးပေါင်းပါဝင်လာစေရန် ပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ အကောင်ရေ လျင်မြန်စွာကျဆင်းလာသော အဆိုပါငှက်မျိုးစိတ်ကို မြန်မာနိုင်ငံတွင်လည်း မျိုးမသုဉ်းစေဖို့ ထိန်းသိမ်းရေး လုပ်ငန်းများဆောင်ရွက်ရန် အရေးတကြီးလိုအပ်နေသည်။

ညီတူး
The Mirror Daily
https://www.facebook.com/TheMirrorDaily
စာဝါကြားငှက်မျိုးစိတ်ကို မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိသော မျိုးစိတ်အဖြစ် သတ်မှတ် စာဝါကြားငှက်မျိုးစိတ်ကို မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိသော မျိုးစိတ်အဖြစ် သတ်မှတ် Reviewed by THITHTOOLWIN on 09:22 Rating: 5
Powered by Blogger.