ထူးခြားစွာ လကြတ်တဲ့ ဖြစ်စဉ် ၃ မျိုး ဇန်န၀ါရီလ ၃၁ ရက်နေ့ည ကမ္ဘာက မြင်တွေ့မည်


ကမ္ဘာတစ်ဝှမ်းက ကြယ်တွေကို စူးစမ်းလေ့လာကြည့်ရှုသူတွေကတော့ ထုူးခြားဖြစ်စဉ်တစ်ခုအတွက် ပြင်ဆင်နေကြ ပါတယ်။ ဇန်နဝါရီလ ၃၁ ဗုဒ္ဓဟူးနေ့ညမှာ ဖြစ်မယ့် ဖြစ်စဉ်ကတော့ အမေရိကန်ပြည်ထောင်စုမှာ နှစ်ပေါင်း ၁၅၀အတွင်း ပထမဆုံးအကြိမ်ပြန်ကြုံရတဲ့ အဖြစ်အပျက်ဖြစ်ပြီး ကမ္ဘာမှာဆိုရင်တော့ ၃၅နှစ်ဖြစ်ပါတယ်။ အခုလာမယ့် လပြည့်နေဟာ Supermoon, Blue Moon နဲ့ Blood Moon လို့ခေါ်တဲ့ လနဲ့ပတ်သက်တဲ့ ပုံမှန်မဟုတ်တဲ့အခြေအနေသုံးရပ်ပေါင်းစုမယ့် ဖြစ်စဉ်တစ်ခုပါ။

လဟာကမ္ဘာကို ဘဲဥပုံသဏ္ဍန်လမ်းကြောင်းအတိုင်း လည်ပတ်နေပြီး တခါတလေမှာ လဟာ ကမ္ဘာနဲ့ အနီးကပ်ဆုံး အနေအထားကို ရောက်သွားပါတယ်။ အဲဒီအခါက လဟာ အပြည့်ဆုံးနဲ့ အလင်းဆုံးအချိန် ကောင်းကင်မှာပေါ်လာပြီး ဒါကို Supermoon လို့ခေါ်ပါတယ်။

Bluemoon ဆိုတာဟာ အပြာရောင်ရှိတဲ့ လကိုပြောတာ မဟုတ်ပဲ တစ်လထဲမှာပဲ လပြည့်ရက်နှစ်ရက်ဖြစ်တဲ့ ဖြစ်စဉ်ကို ဆိုလိုတာပါ။ဒီနှစ်မှာတော့ ထူးထူးခြားခြား Bluemoon ဖြစ်စဉ်ကို ဇန်နဝါရီလနဲ့ မတ်လမှာ ကြုံရမှာဖြစ်ပါတယ်။

Blood Moon ဆိုတာကတော့ လအပြည့်ကြတ်တဲ့ ဖြစ်စဉ်ကို ဆိုလိုတာပါ။ နေကနေ ကမ္ဘာကိုထိုးတဲ့အခါ အရိပ်ကျတဲ့ဘက်ကို လ ရောက်သွားတဲ့အခါမှာ နေအလင်းတန်းတွေဟာ ကမ္ဘာရဲ့ လေထုကိုဖြတ်ပြီး လပေါ်ကို ကိုင်းကျခါ အနီရောင်သန်းတဲ့ အရောင်ကို ဖြစ်ပေါ်စေပါတယ်။

ဒါကြောင့် အခုလို ထူးထူးခြားခြား တစ်လထဲမှာပဲ ကမ္ဘာနဲ့ အနီးကပ်ဆုံးလည်းဖြစ် ဒုတိယအကြိမ်ဖြစ်တဲ့ လပြည့်လည်း ဖြစ်ပြီး လကြတ်တဲ့ဖြစ်စဉ်နဲ့ သုံးခုစုပေါင်းပြီး ဖြစ်ပေါ်တာကြောင့် Super Blue Blood Moon လို့ခေါ်တာဖြစ်ပါတယ်။ ဒီဖြစ်စဉ်မျိုးကို ကမ္ဘာမှာ ၁၉၈၂ခုနှစ်မှာ တစ်ခါကြုံခဲ့ရပြီး နောက်တစ်ခါကြုံရမှာကတော့ ၂၀၃၇ ခုနှစ်မှာဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
ထူးခြားစွာ လကြတ်တဲ့ ဖြစ်စဉ် ၃ မျိုး ဇန်န၀ါရီလ ၃၁ ရက်နေ့ည ကမ္ဘာက မြင်တွေ့မည် ထူးခြားစွာ လကြတ်တဲ့ ဖြစ်စဉ် ၃ မျိုး ဇန်န၀ါရီလ ၃၁ ရက်နေ့ည ကမ္ဘာက မြင်တွေ့မည် Reviewed by THITHTOOLWIN on 08:16 Rating: 5
Powered by Blogger.