မစ်ဇိုင်းဒုံးကျည် အန္တရာယ် သတိပေးမှု အမှားကြောင့် ဟာဝိုင်ယီ ထိပ်လန့်သွားရ

အဲဒီလို သတိပေးချက်တွေ လူတွေရဲ့ဖုန်းတွေ ဆီကို ရောက်လာပါတယ်
တိုက်ချင်းပစ် မစ်ဇိုင်းဒုံးကျည် အန္တရာယ် ကျရောက်နေပြီလို့ မှားယွင်း သတိပေးခဲ့တာကြောင့် ဟာဝိုင်ယီမှာ ကြောက်လန့်တကြားဖြစ်ခဲ့ရပါတယ်။

သတိပေးချက်ဟာ ဒေသခံတွေရဲ့ တယ်လီဖုန်းတွေထဲကို ဖုန်းမက်ဆေ့ခ်ျ အဖြစ်ရောက်လာကြသလို ရုပ်မြင်သံကြားနဲ့ ရေဒီယို အစီအစဉ်တွေထဲမှာလည်း ကြားဖြတ်ဝင်ရောက်လာခဲ့ပါတယ်။

အဲဒီဖုန်းကပေးပို့တဲ့ စာတိုလေးတွေထဲမှာ လူတွေအနေနဲ့ လုံခြုံရာနေရာကို ရှာဖွေခိုလှုံကြဖို့လည်း သတိပေးထားပြီး ဒါဟာ အစမ်းလေ့ကျင့်တာမဟုတ်ဘူး၊ တကယ်ဖြစ်နေတာ လို့ အဆုံးမှာ ရေးသားထားပါတယ်။

အဲဒီမှားယွင်းသတိပေးမှုကြောင့် ဒေသခံတွေ ကြောက်ရွံ့တုန်လှုပ်မှုတွေဖြစ်ခဲ့ပါတယ်။

ခရီးသွားတွေ လည်း အပါအဝင်ပါ။

ခရီးသွား တယောက်က ၂လသားအရွယ် ကလေး အပါအဝင် သူတို့မိသားစု နဲ့အတူကမ်းခြေသွားမလို့လုပ်နေတုန်း သတိပေးတာကိုရလိုက်တယ်၊ တကယ့်ကို ကြောက်လန့်သွားတယ်၊ ဟိုတယ်က ၃၆ ထပ်မှာ သူတို့ရှိတုန်း ဘာလုပ်ရမှန်းတောင်မသိတော့အောင်ဖြစ်သွားပါသတဲ့။

လူတွေကြောက်လန့်တကြားဖြစ်ကြတာ အဆန်းမဟုတ်ပါဘူး။

နဂိုက မှ ဟာဝိုင်ယီက အမေရိကန် မှာ မြောက်ကိုရီးယားနဲ့အနီးဆုံးဖြစ်ပြန်၊ အဲဒီက ခေါင်းဆောင်ကလည်း ခဏခဏခြိမ်းခြောက်နဲ့၊ နောက်ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းကလည်း ဒုတိယကမ္ဘာစစ်ဖြစ်ချိန် ကတည်း က နေ ပထမဆုံး အကြိမ်ပြန်လုပ်တဲ့ နျူကလီယား အချက်ပေး ဥသြအစမ်းဆွဲတာလေ့ကျင့်ထားတဲ့ ပြည်နယ်ဆိုတော့ လူတွေက အခုလို အဖြစ်ကို ကြောက်ကြပါတယ်။

ဒါ သတိအချက်ပေးအမှားလုပ်မိတာ ဆိုတဲ့ဖြေရှင်းချက် ကလည်း ဖုန်းတွေဆီကို စဖြစ်ပြီးနောက် ၃၈ မိနစ်ကြာမှ ရောက်လာကြပါတယ်။

ပြည်နယ်အုပ်ချုပ်ရေးမှူးဒေးဗစ် အီဂဲ လည်း သတင်းထောက်တွေ က တဆင့် လူထုကို ထွက်တောင်းပန်ကာ ရှင်းပြရပါတယ်။

သက်ဆိုင်ရာတာဝန်ကျသူတွေ တာဝန်ချိန်းကြရင်း သတိပေးစနစ် က အလုပ်လုပ်၊ မလုပ် စမ်းကြတယ်၊ အဲဒီမှာ သတိပေးခလုတ် ကို မှားနှိပ်မိတာပါလို့ သူက ဆိုပါတယ်။

အတော့ကို အုတ်အော်သောင်းနင်းဖြစ်ခဲ့တဲ့ ဒီအဖြစ် ကို ဖက်ဒရယ် ဗဟို အစိုးရကတော့ ဆင်းစစ်မယ်လို့ ကြေညာ လိုက်ရတဲ့အထိပါ။

BBC Burmese
http://www.bbc.com/burmese
မစ်ဇိုင်းဒုံးကျည် အန္တရာယ် သတိပေးမှု အမှားကြောင့် ဟာဝိုင်ယီ ထိပ်လန့်သွားရ မစ်ဇိုင်းဒုံးကျည် အန္တရာယ် သတိပေးမှု အမှားကြောင့် ဟာဝိုင်ယီ ထိပ်လန့်သွားရ Reviewed by THITHTOOLWIN on 08:13 Rating: 5
Powered by Blogger.