ပုသိမ်သူ(၈) အမြန်ရေယာဉ်ပေါ်မှ ခရီးသည်နှစ်ဦး ပြုတ်ကျ တစ်ဦး ဆယ်ယူရရှိ၊ ကျန်တစ်ဦး ပျောက်ဆုံးနေ


ဟိုင်းကြီးကျွန်း ဇန်နဝါရီ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၃)ရပ်ကွက်၊ စံပြဆိပ်ကမ်းနှင့် ကျောက်ချောင်းကျေးရွာ၊ မြတ်သစ္စာ ဆိပ်ကမ်း အကြား မြစ်အတွင်း ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်းက ပုသိမ်သူ(၈) ကမ်းရိုးတန်း အမြန်ရေယာဉ်မောင်းနှင်စဉ် ခရီးသည်နှစ်ဦး ပြုတ်ကျကျန်ခဲ့ပြီး တစ်ဦးကို ရေလုပ်သားများ ဆယ်ယူနိုင်ခဲ့ပြီး တစ်ဦးမှာ ပျောက်ဆုံးနေကြောင်း ဆယ်ယူရရှိသည့် ခရီးသည် တစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

မြစ်အတွင်းပြုတ်ကျကျန်နေခဲ့သော ခရီးသည်နှစ်ဦးမှာ တပ်မတော် ကွန်ပျူတာနှင့် နည်းပညာသိပံ္ပ သင်တန်းကျောင်း၊ ဟိုပုန်း၊ (ရှမ်းမြောက်)၏ ဒုတိယနှစ် ကျောင်းသား မောင်ပိုင်မျိုးဝေ (ရွာသစ်ကြီးရွာ၊ ပျော်ဘွယ်မြို့၊ မန္တလေးတိုင်းဒေသကြီး)နှင့် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ရှိ ရေတပ် သင်္ဘောကျင်း ဌာန ချုပ်တွင် တာဝန်ကျနေသော တပ်ကြပ်ကြီး သက်ပိုင်စိုးတို့ နှစ်ဦးဖြစ်ကြောင်း၊ ဆယ်ယူ ရရှိထားသူမှာ မောင်ပိုင်မျိုးဝေဖြစ်ပြီး ပျောက်ဆုံးနေသူမှာ တပ်ကြပ်ကြီးသက်ပိုင်စိုး ဖြစ်ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ပုသိမ် - ဟိုင်းကြီးကျွန်း ကမ်းရိုးတန်း အမြန်ရေယဉ် ပုသိမ်သူ(၈)သည် ဟိုင်းကြီးကျွန်းမြို့ ၊ အမှတ်(၃)ရပ်ကွက် စံပြဆိပ်ကမ်းကမ်း တံတားတွင်ဆိပ်ကပ်ထားပြီး ခရီးသည်နှင့် ကုန်ပစ္စည်းများချပြီး ဆိပ်ကမ်းက ပြန်လည်ထွက်ခွာစဉ် တပ်ကြပ်ကြီး သက်ပိုင်စိုးမှာ ရေယာဉ်ပဲ့ပိုင်းရှိ ကြိုးချည်သော ဗုံလုံတိုင်တွင် ထိုင်ကာ မောင်ပိုင်မျိုးဝေက ဘေးတွင် ရပ်လျက် စကားပြောနေစဉ် ရေယာဉ်မောင်းသော အရှိန်ဖြင့် နှစ်ဦးလုံး ရေထဲသို့ ပြုတ်ကျခဲ့ကြောင်း၊ ကမ်းရိုးတန်း အမြန်ရေယာဉ် ထွက်ခွာသွားပြီးနောက် မြစ်အတွင်း အော်ဟစ်အကူအညီ တောင်းခံသံကြား၍ နီးစပ်ရာ ရေလုပ်သားများက ဆယ်ယူနိုင်ခဲ့ကြောင်း၊ တပ်ကြပ်ကြီး သက်ပိုင်စိုးမှာမူ ရေထဲသို့ပြုတ်ကျသွားကတည်းက ပြန်ပေါ်မလာတော့ကြောင်း မောင်ပိုင်မျိုးဝေ၏ ပြောပြချက်အရ သိရသည်။

တပ်ကြပ်ကြီး သက်ပိုင်စိုး ပျောက်ဆုံးနေသည့် ကိစ္စနှင့် ပတ်သက်၍ ဟိုင်းကြီးကျွန်းမြို့၊ နယ်မြေရဲစခန်းက လူပျောက် အမှတ်စဉ် ၃/၂၀၁၈ဖြင့် အမှုဖွင့်လှစ်ကာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ပုသိမ်သူ(၈) အမြန်ရေယာဉ်ပေါ်မှ ခရီးသည်နှစ်ဦး ပြုတ်ကျ တစ်ဦး ဆယ်ယူရရှိ၊ ကျန်တစ်ဦး ပျောက်ဆုံးနေ ပုသိမ်သူ(၈) အမြန်ရေယာဉ်ပေါ်မှ ခရီးသည်နှစ်ဦး ပြုတ်ကျ တစ်ဦး ဆယ်ယူရရှိ၊ ကျန်တစ်ဦး ပျောက်ဆုံးနေ Reviewed by THITHTOOLWIN on 18:59 Rating: 5
Powered by Blogger.