ဦးကိုနီကိုအမှုစစ်တဲ့ တရားသူကြီးတဦး ရုတ်တရက် ပြောင်းရွှေ့ခံရ

 တောက်လျှောက်ပါဝင်လာတဲ့ တရားသူကြီးတဦး ရုတ်တရက် ပြောင်းရွှေ့ခံရတဲ့အတွက် တရားမျှတမှု ထိခိုက်ပြီး အမှုလည်း ကြန့်ကြာနိုင်
NLD ပါတီ ဥပဒေအကြံပေး အဖွဲ့ဝင် ရှေ့နေ ဦးကိုနီ လုပ်ကြံ သတ်ဖြတ် ခံရမှုကို ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးမှာ ခုံရုံးဖွဲ့ စစ်ဆေးနေတဲ့ ခရိုင်တရားသူကြီး သုံးဦးထဲက တဦးဖြစ်တဲ့ ဦးဇော်ထူးဟာ ရာထူးတိုးအမိန့်နဲ့ ကယားပြည်နယ် တရားလွှတ်တော်ကို ရုတ်တရက် ပြောင်းရွှေ့ခံလိုက်ရတယ်လို့ တရားလို ရှေ့နေတွေက ပြောပါတယ်။

ဒီအမှုကို ဇန်နဝါရီလ ၅ ရက်နေ့မှာ ဆက်လက် စစ်ဆေးဖို့ စီစဉ်ထားပေမယ့် ရပ်ဝေးကလာရမယ့် သက်သေရှိတဲ့အတွက် ရုံးချိန်းကို တပတ် ရပ်နားခဲ့တဲ့ အချိန်အတွင်းမှာ အခုလို ရုတ်တရက် ပြောင်းရွှေ့မိန့် ထွက်လာခဲ့တာ ဖြစ်ပါတယ်။

ဒီအမှု စစ်ဆေးမှု အခြေအနေအရ စာမျက်နှာ တရာကျော်ရှိတဲ့ မှတ်တမ်းတွေ ရှိနေပြီး တရားသူကြီးသစ် ပြောင်းလိုက်ရင် ဒီအမှုနဲ့ အကျွမ်းတဝင် လေ့လာမှု အားနည်းနိုင်တဲ့ အခြေအနေ ဖြစ်လာနိုင်တဲ့အတွက် တရားမျှတမှု အားနည်းနိုင်သလို အမှုကြန့်ကြာမှုတွေလည်း ဖြစ်လာနိုင်တယ်လို့ တရားလိုရှေ့နေတဦးဖြစ်တဲ့ ဦးရောဘတ်စန်းအောင်က ဘီဘီစီကို ပြောပါတယ်။

အမှုသက်သေ အယောက် ၈၀ ရှိပြီး အဲဒီအထဲက ၇၁ ယောက်ကို စစ်ဆေးပြီးဖြစ်တဲ့ ဒီအမှုကို ဦးဇော်ထူး အပါအဝင် ခရိုင်တရားသူကြီး ၃ ယောက်က ခုံရုံးဖွဲ့ စစ်ဆေးနေတာ တနှစ်နီးပါး ရှိလာပြီ ဖြစ်ပါတယ်။

အခုလို အမှု စစ်ဆေးမှုမှာ တောက်လျှောက်ပါဝင်လာတဲ့ တရားသူကြီးတဦး ရုတ်တရက် ပြောင်းရွှေ့ခံရတဲ့အတွက် တရားမျှတမှု ထိခိုက်ပြီး အမှုလည်း ကြန့်ကြာနိုင်တဲ့ကိစ္စကို လာမယ့် ဇန်နဝါရီလ ၁၂ ရက်နေ့ ရုံးချိန်းမှာ တရားရုံးကို တင်ပြသွားမယ်လို့ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။
ဦးကိုနီဟာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေပိုင်းအချိန်အတွင်း ရန်ကုန်လေဆိပ်ရဲ့ ကားရပ်နားစခန်းမှာ လုပ်ကြံခံရတာဖြစ်
ရှေ့နေ ဦးကိုနီကို သေနတ်သမား ကြည်လင်းက ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေပိုင်းအချိန်အတွင်း ရန်ကုန်လေဆိပ်ရဲ့ ကားရပ်နားစခန်းမှာ လုပ်ကြံခဲ့တာ ဖြစ်ပါတယ်။

ကြည်လင်းကိုတော့ အခင်းဖြစ်တဲ့ နေရာအနီးမှာပဲ ဖမ်းမိခဲ့ပြီး တခြား ပူးပေါင်း ပါဝင်သူတွေ ဖြစ်တဲ့ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်းနဲ့ ဇေယျာဖြိုးတို့ကိုလည်း ဖမ်းဆီး ရုံးတင် စစ်ဆေးခဲ့ပြီးဖြစ်ပါတယ်။

ဒီအမှုမှာ အဓိကပါဝင်ပြီး လွတ်မြောက်နေသေးတဲ့ အောင်ဝင်းခိုင်ကတော့ နေပြည်တော်မှာ နောက်ဆုံး မှတ်တမ်းတင် တွေ့ရှိထားတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပြီး သူ့ကို ဖမ်းမိဖို့အတွက် နိုင်ငံတကာ ရဲတပ်ဖွဲ့ကိုလည်း အကြောင်းကြားထားပါတယ်။
 လွတ်မြောက်နေသေးတဲ့ အောင်ဝင်းခိုင်
ဒီအမှုကို ဆက်လက် စစ်ဆေးမှုတွေမှာ အပြောင်းအလဲ ထူးထူးခြားခြား မရှိဘူး ဆိုရင်တော့ လာမယ့် ဧပြီလ မရောက်ခင်မှာ အပြီးသတ် စီရင်ချက် ချနိုင်မယ်လို့ တရားလိုရှေ့နေတွေက ပြောဆိုထားပါတယ်။

BBC Burmese
http://www.bbc.com/burmese
ဦးကိုနီကိုအမှုစစ်တဲ့ တရားသူကြီးတဦး ရုတ်တရက် ပြောင်းရွှေ့ခံရ ဦးကိုနီကိုအမှုစစ်တဲ့ တရားသူကြီးတဦး ရုတ်တရက် ပြောင်းရွှေ့ခံရ Reviewed by THITHTOOLWIN on 00:50 Rating: 5
Powered by Blogger.