ထိုင်းဘုရင်မိသားစုအား စော်ကားတဲ့ အတွက် မျက်မမြင်အမျိုးသမီးတစ်ဦးကို ထောင်ဒဏ်တစ်နှစ်ခွဲ ထိုင်းတရားရုံးကချ


ဘန်ကောက် ဇန်န၀ါရီ ၅

ယမန်နေ့က ထိုင်းနိုင်ငံမှာ ထိုင်းတော်ဝင်မိသားစုကို ဂုဏ်သရေညှိုးနွမ်းစေရန် အသရေဖျက်မှုဖြင့် မျက်မမြင်အမျိုးသမီး နာဟာရာတီ မာဆွတ် ကို ထိုင်းတရားရုံးက ထောင်ဒဏ်တစ်နှစ်ခွဲ အပြစ်ဒဏ်ချလိုက် ကြောင်းသိရပါတယ်။

ထိုင်းနိုင်ငံရဲ့ တော်ဝင်ဥပဒေဟာ ကမ္ဘာပေါ်မှာ အပြင်းထန်ဆုံးဖြစ်ပြီး ဘုရင်၊ မိဖုရား၊ အိမ်ရှေ့စံနဲ့ ဆွေတော်မျိုးတော်များကို အသရေဖျက်စော်ကားပါက ထောင်ဒဏ် ၁၅ နှစ်အထိ ပြစ်ဒဏ် ရရှိ နိုင်ပါတယ်။

အသက် ၂၃ နှစ်အရွယ် နာဟာရာတီ မာဆွတ် ဟာ ထိုင်းဘုရင်စနစ်ကို ဆန့်ကျင်တာကြောင့် ၂၀၀၉ ခုနှစ်မှာ တရားစွဲခံရပြီး တိမ်းရှောင်နေခဲ့တဲ့ ထိုင်း-ဗြိတိန်နိုင်ငံသား ပညာရှင် Giles Ungpakorn ရဲ့ဆောင်းပါးတစ်ပုဒ်ကို လူမှုကွန်ယက် facebook ပေါ်တင်ခဲ့ပြီးနောက် သူမဟာ အပြစ်ရှိကြောင်း ထင်ရှားခဲ့ပါတယ်။

သူမအနေနဲ့ ပို့စ်တင်ခဲ့ကြောင်း ၀န်ခံခဲ့ပါတယ်။ အဲဒီလို လုပ်ခဲ့ခြင်းက အခုလို ပြင်းထန်တဲ့ ပြစ်ဒဏ်ထိုက်တဲ့ အပြုအမူလို့ မသိခဲ့ကြောင်း သူမရဲ့ ရှေ့နေက ပြောပါတယ်။ အမြင်အာရုံဆုံးရှုံးထားတဲ့သူမဟာ လူမှုကွန်ယက်ပေါ် ပို့စ်တင်ရာမှာ မျက်မမြင်အတွက် အထူးဖန်တီးထားတဲ့ ကွန်ပျူတာ အက်ပလီကေးရှင်းကို အသုံးပြုတင်ခဲ့တာဖြစ်ပါတယ်။ သူမကို ၂၀၁၇ နိုဝင်ဘာမှာ အမှုဖွင့် တရားစွဲခဲ့ပြီးကတည်းက ဖမ်းဆီးထိန်းသိမ်းခံခဲ့ပြီးနောက် ယာလာ ပြည်နယ်တောင်ပိုင်း တရားရုံးက ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပါတယ်။ ဒါပေမယ့် နာဟာရာတီ မာဆွတ် က သူလုပ်ခဲ့ကြောင်း ဝန်ခံခဲ့တဲ့အတွက် ထောင်ဒဏ် ကို တစ်ဝက် အထိလျှော့ခဲ့တာဖြစ်ပါတယ်။

၂၀၁၄ ခုနှစ် မေလမှာ ထိုင်းစစ်တပ် အာဏာသိမ်းပြီးနောက် အွန်လိုင်း ဆင်ဆာ တင်းကြပ်လာခဲ့ပြီး အထူးသဖြင့် ထိုင်းဘုရင်စနစ်ကို စော်ကားပြောဆိုတာတွေ လက်မခံပါဘူး။ အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းတော်ဝင်ဥပဒေအရ ထိန်းသိမ်းခံရသူ ၉၄ ဦးထက်မနည်းရှိပြီး ၄၃ ဦးကို ပြစ်ဒဏ်ချပြီးဖြစ်ပါတယ်။ အဲဒီက ၉၂ ရာခိုင်နှုန်းလောက်က အပြစ်ကို ဝန်ခံခဲ့မယ်ဆိုရင် ထောင်ဒဏ်တွေကို လျှော့ပေးမယ်လို့ မျှော်လင့်နေကြာင်း iLaw ဥပဒေရေးရာအဖွဲ့က ပြောပါတယ်။

ပုဒ်မ ၁၁၂ လို့ လူသိများတဲ့ ထိုင်းတော်ဝင်ဥပဒေ အရ ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ပါဝင်နေတာကြောင့် လူ့အခွင့်အရေးကို သိသိသာသာ ထိခိုက်နေတာကြောင့် ကမ္ဘာ့ကုလသမဂ္ဂက စိုးရိမ်မှုတွေ ရှိနေပါတယ်။ ဘုရင်စနစ်ကို ဝေဖန်သူတွေကို ဖြိုခွဲဖို့ အဆိုပါဥပဒေက လိုအပ်တယ်လို့ စစ်တပ်က တုန့်ပြန်ထားပါတယ်။

ဘာသာပြန် > မိုးမမ

ကိုးကား > ရိုက်တာ
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
ထိုင်းဘုရင်မိသားစုအား စော်ကားတဲ့ အတွက် မျက်မမြင်အမျိုးသမီးတစ်ဦးကို ထောင်ဒဏ်တစ်နှစ်ခွဲ ထိုင်းတရားရုံးကချ ထိုင်းဘုရင်မိသားစုအား စော်ကားတဲ့ အတွက် မျက်မမြင်အမျိုးသမီးတစ်ဦးကို ထောင်ဒဏ်တစ်နှစ်ခွဲ ထိုင်းတရားရုံးကချ Reviewed by THITHTOOLWIN on 00:19 Rating: 5
Powered by Blogger.