ကယားပြည်နယ် ဝန်ကြီးချုပ်မှ ခွင့်ပြုချက်မယူဘဲ ဆန္ဒထုတ်ဖော်ခဲ့သူများနှင့် တွေ့ ဆုံ

ကယားပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ( ၁၉-၁-၂၀၁၈)ရက်နေ့ ငြိမ်း/စု/စီ ဥပဒေအရ ခွင့်ပြုချက်မယူဘဲ ဆန္ဒထုတ်ဖော်ခဲ့သူများ၏ ကိုယ်စားပြုသူများအား တွေ့ဆုံချပြရှင်းလင်းခြင်း
လွိုင်ကော် ဇန်နဝါရီ ၁၉ ရက်

၁၉-၁-၂၀၁၈ ရက်နေ့ နံနက်(၁၀း၃၀)အချိန်တွင် လွိုင်ကော်မြို့ ကန္ဒရဝတီလမ်းမကြီးပေါ်ရှိ ကယား ပြည်နယ် အစိုးရအဖွဲ့ရုံးရှေ့တွင် လာရောက်၍ ငြိမ်းချမ်းစွာစုဝေးတန်းစီ ဆန္ဒပြရာတွင် လိုက်နာရမည့် ဥပဒေအရ ကြိုတင်တင်ပြခွင့်ပြုချက် ရယူခြင်းမရှိဘဲ ဆန္ဒထုတ်ဖော်နေကြသော လူစုလူဝေး၏ ကိုယ်စားပြုသူများအား ကယားပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ လက်ခံတွေ့ဆုံ ချပြရှင်းလင်းခဲ့ပါသည်။

ထိုသို့ တွေ့ဆုံရာတွင် ဆန္ဒထုတ်ဖော်သူများ၏ ကိုယ်စားပြုသူ (၅)ဦးမှ အရပ်သားတစ်ဦး သတ်ဖြတ်ခံရသည့် ကိစ္စ၊ အဆိုပါဖြစ်ရပ်အပေါ် သတင်းထုတ်ပြန်ပေးရန်ကိစ္စ၊ ထောင်ဒဏ်ကျခံနေရသော ဆန္ဒပြလူငယ်များအား လွှတ်ပေးရန်ကိစ္စ၊ တရားစွဲဆိုခံရသော လူငယ်(၃)ဦးအား အမှုရုတ်သိမ်းပေးရေးကိစ္စ၊ ဆန္ဒထုတ်ဖော်သည့်အဖွဲ့မှ ပူးပေါင်းဆောင်ရွက်ရန် တစ်လလျှင်တစ်ကြိမ် တွေ့ဆုံရန်ကိစ္စနှင့် ငြိမ်းချမ်းရေး ကိစ္စများကို ဖြေရှင်းပေးရန် တင်ပြခဲ့ကြသည်။


ထို့နောက် ဝန်ကြီးချုပ်မှ တောင်းဆိုထားသော မေးခွန်းများကို ပြန်လည်ဖြေကြားရာတွင် အရပ်သား တစ်ဦး သတ်ဖြတ်ခံရမှုအား ကြားသိရသော်လည်း မည်သူမျှ အမှုဖွင့် တိုင်တန်းထားခြင်းမရှိသေး၍ တရားဝင်အမှုဖွင့်ရန် လိုအပ်ပါကြောင်း၊ ဒီမိုကရေစီဆိုသည်မှာ စည်းနှင့် ကမ်းနှင့်ရှိရပါကြောင်း၊ ဥပဒေဘောင် စည်းမျဉ်းစည်းကမ်းနှင့် အညီသာ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ပူးပေါင်းဆောင်ရွက်လိုသည်များကို ကြိုဆိုပါကြောင်း၊ လုပ်ငန်းများ မအားလပ်သော်လည်း ဖိတ်ကြားပါက တက်ရောက်မည် ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးကိစ္စအား ပြည်ထောင်စုမှ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဦးစီးခေါင်းဆောင်၍ ဆောင်ရွက်လျက် ရှိပါကြောင်း ကယားပြည်နယ်အနေဖြင့် ငြိမ်းချမ်းရေးအတွက် ပြည်နယ်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်း များအားလုံးပါဝင်ရေး ပြည်နယ်အတွင်းရှိ ပြည်သူအားလုံးထံမှ အကြံဥာဏ်များ ရယူ ဆောင်ရွက်လိုပါကြောင်း အဆိုပါ သတင်းထုတ်ပြန်ပေးရန်ကိစ္စမှာ ယခု ဒီဇင်ဘာလအတွင်း တပ်မတော်နှင့်KNPP အဖွဲ့ ပဋိပက္ခဖြစ်စဉ်အား NRPC သို့ တင်ပြခဲ့ပါကြောင်း တပ်မတော်မှ စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့စည်း ဆောင်ရွက်လျက်ရှိသည်ကိုသိရှိပါကြောင်း၊ စစ်ဆေးမှုကိစ္စများ ပြီးစီးပါက ရလဒ်ပေါ်မူတည်၍ အရေးယူဆောင်ရွက်မှုများ ရှိမည်ဟု သိရှိရပါကြောင်း ၊ မိမိတို့ ကယားပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ(၁၉)ရက်နေ့တွင် KNPP (၄) ဦး သတ်ဖြတ်ခံရမှုအပေါ် ကယားပြည်နယ်ရှိ တပ်မတော်ခေါင်းဆောင်များအား တွေ့ဆုံမေးမြန်းခြင်းနှင့် KNPPခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း တို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ဒီမိုကရေစီ ဆိုသည်မှာ ပရမ်းပတာ လုပ်၍ မရပါကြောင်း၊ စည်းမျဉ်းစည်းကမ်း ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျက် ရှိပါကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တွေ့ဆုံချပြရှင်းလင်းပွဲသို့ ကယားပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် နှင့် အတွင်းရေးမှူး၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

Iprd Loikaw
ကယားပြည်နယ် ဝန်ကြီးချုပ်မှ ခွင့်ပြုချက်မယူဘဲ ဆန္ဒထုတ်ဖော်ခဲ့သူများနှင့် တွေ့ ဆုံ ကယားပြည်နယ် ဝန်ကြီးချုပ်မှ ခွင့်ပြုချက်မယူဘဲ ဆန္ဒထုတ်ဖော်ခဲ့သူများနှင့် တွေ့ ဆုံ Reviewed by THITHTOOLWIN on 19:22 Rating: 5
Powered by Blogger.