သထုံဆေးရုံ ပြင်ပလူနာဆောင်မှ အလစ်သုတ်ပြီး ဆိုင်ကယ်မောင်း ထွက်ပြေးသူ ယာဉ်တိုက်မှုဖြစ်

ဆေးရုံစောင့်ထံမှ ပိုက်ဆံအိတ်လုပြေးသူ ဆိုင်ကယ်မှောက်ပြီး ဆေးရုံပြန်ရောက်။ Photo Credit- လှိုင်ထွန်းအောင်-လူထုကလောင်
သထုံ ဇန်န၀ါရီ ၁၉

မွန်ပြည်နယ်၊ သထုံခရိုင်ပြည်သူ့ဆေးရုံ ပြင်ပလူနာဆောင်တွင် ဇန်န၀ါရီလ ၁၉ ရက်၊ နံနက်က လူနာစောင့်တစ်ဦး၏ ပိုက်ဆံအိတ်အား လူတစ်ဦးက အလစ်သုတ်ပြီးဆိုင်ကယ်မောင်းထွက်ပြေးရာမှ ယာဉ်တိုက်မှုဖြစ်ပွားကာ ဒဏ်ရာများရရှိခဲ့ကြောင်း သထုံမြို့မရဲစခန်းမှ သိရသည်။

“ဆေးရုံမှာအလစ်သုတ်ပြီးပြေးတယ် ဆေးရုံဝန်ထမ်းတွေကလည်း သူ့ ဆိုင်ကယ်နောက်ကို လိုက်တယ် အဲဒီမှာ လမ်းမကြီးရောက်တော့ အရှိန် မထိန်းနိုင်ဘဲ လမ်းပေါ်ကကားကိုဝင်တိုက်ပြီး ပေါင်ကျိုးသွားတော့ ဆေးရုံမှာအခုဆေးကုသမှုခံယူနေရတယ်။ လောလောဆယ်တော့ သူ့ကို ယာဉ်တိုက်မှုနဲ့ အမှုဖွင့်ထားတယ်။ ဒဏ်ရာသက်သာလာရင်တော့ အလစ်သုတ်တာနဲ့ပတ်သတ်တဲ့ စစ်ဆေးမှုတွေကို ဆက်လုပ်သွားမှာပါ” ဟု သထုံမြို့မရဲစခန်းမှူး ဒုရဲမှူး မောင်မောင်က ပြောသည်။

သထုံခရိုင်ပြည်သူ့ဆေးရုံ ပြင်ပလူနာဆေးကုသဆောင်အတွင်း ဇင်ကိုဝင်း(ခ)ဇော်မင်းထိုက် ၄၃ နှစ် (ဘ) ဦးမြင့်ဝင်း ရေလည်ချောင်းရပ်ကွက် ပဲခူးမြို့နေထိုင်သူသည် လူနာစောင့်တစ်ဦးထံမှ လက်ဆွဲပိုက်ဆံအိတ်အား အလစ်သုတ်ပြီး နန်းခဲရပ်ကွက်၊ နန်းတော်ဦးကျောင်းလမ်းသွယ်အတိုင်း အသင့်ပါလာသော နံပါတ်မပါသည့် နီ၊ နက် အရောင် All Star ဆိုင်ကယ်ဖြင့် လမ်းမပေါ်သို့ မောင်းနှင် ထွက်ပြေးစဉ် လမ်းသွယ်ထိပ်၊ ဧရာဝတီဘဏ်ခွဲ အနီး မော်လမြိုင်-ရန်ကုန် အဝေးပြေးလမ်းပေါ်တွင် ရန်ကုန်ဘက်မှ မော်လမြိုင်ဘက်သို့ မောင်းနှင်လာသည့် အဖြူရောင် Light Truck ယာဉ်အား အရှိန်မထိန်းနိုင်ဘဲ ၀င်ရောက်တိုက်မိရာမှ ပေါင်နှင့်ခြေသလုံးကျိုးကာ ပွန်းပဲ့ဒဏ်ရာများရရှိခဲ့သဖြင့် သထုံခရိုင်ပြည့်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသထားရကြောင်း သိရသည်။
ဖြစ်စဉ်တွင် ဇင်ကိုဝင်း(ခ)ဇော်မင်းထိုက်အား ယာဉ်မဆင်မခြင် မောင်းနှင်သဖြင့် အမှုဖွင့်လှစ်ထားပြီး ဆက်လက် စုံစမ်းစစ်ဆေးလျက် ရှိကြောင်း သိရသည်။

သက်ဦး(သထုံ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
သထုံဆေးရုံ ပြင်ပလူနာဆောင်မှ အလစ်သုတ်ပြီး ဆိုင်ကယ်မောင်း ထွက်ပြေးသူ ယာဉ်တိုက်မှုဖြစ် သထုံဆေးရုံ ပြင်ပလူနာဆောင်မှ အလစ်သုတ်ပြီး ဆိုင်ကယ်မောင်း ထွက်ပြေးသူ ယာဉ်တိုက်မှုဖြစ် Reviewed by THITHTOOLWIN on 18:00 Rating: 5
Powered by Blogger.