မြောက်ဦးပဋိပက္ခကြောင့် စစ်တွေဆေးရုံ၌ ကုသနေသည့် လူနာ ၈ ဦးကို ဖမ်းဆီး

မြောက်ဦးပဋိပက္ခကြောင့် စစ်တွေပြည်သူ့ဆေးရုံး၌ ကုသမှုခံယူနေသည့် လူနာတစ်ဦး။ ဓါတ်ပုံ - facebook
ဇန်နဝါရီလ ၂၃ ရက်၊ ၂၀၁၈ ခုနှစ်။  ။  မြောက်ဦးပဋိပက္ခမှာ ဦးဆောင်သူများနှင့် ပါဝင်ပတ်သူများကို အစိုးရက အရေးယူဆောင်ရွက်မည်ဟု ပြောထားသည့်အတိုင်း ပြင်းထန်ဒဏ်ရာဖြင့် စစ်တွေပြည်သူ့ဆေးရုံ၌ ဆေးကုသခံယူနေသည့် လူနာ (၈) ဦးအား ယနေ့နံနက်က လာရောက်ဖမ်းဆီး ထိန်းသိမ်းထားကြောင်း လူနာရှင်မိသားစုဝင်များထံမှ သိရသည်။

ယင်းလူနာ (၈) ဦးကို စစ်တွေပြည်သူ့ဆေးရုံဝန်းအတွင်းရှိ အချုပ်သားများကို ထားသော အဆောင်တွင် လက်ထိပ်ခတ်၍ ဖမ်းဆီးထိန်းသိမ်းထားကြောင်း လူနာ ဦးသန်းဇော်၏ ဖခင်က DMG သို့ ပြောသည်။

“ ဒီနေ့ နံနက်က သုံးပွင့်နဲ့ ရဲမှူးကြီးတစ်ယောက် ရောက်လာတယ်။ လူနာ ၈ ဦးကို လက်ထိပ်ခတ်တယ်။ ပြီးတော့ အကျဉ်းသားတွေကို ထားတဲ့ အချုပ်ဆောင်မှာ ထားလိုက်တယ်။ ဘာမှာလည်း မပြောခဲ့ဘူး။ ဘာပုဒ်မနဲ့ တရားစွဲတယ်၊ ဘာကြောင့်ဆိုတာကိုလည်း မပြောခဲ့ဘူး။ အခု လူနာတွေကိုလည်း မစောင့်ရှောက်ရတော့ဘူး။ ” ဟု ပြောသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့က မြောက်ဦးမြို့တွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခနှင့် ပတ်သက်ပြီး ဟောပြောပွဲကို ဦးဆောင်ကျင်းပခဲ့သူများနှင့် ပါဝင်ပတ်သူများကို နိုင်ငံတော်ပုန်ကန်မှုနှင့် တရားစွဲဆိုမည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့က မနေ့က ပြောသည်။

“ လူနာတွေ အခြေအနေက သက်သာရုံလောက်ပါပဲ။ အားလုံးကောင်းသွားတာမဟုတ်ဘူး။ ဦးလေးသားမှာတော့ ကျည်ဆန်က ထုတ်လို့ရပြီ။ အခု ထမင်းပဲ ပို့လို့ရတော့မယ်။ တွေ့လို့လည်း မရတော့ဘူး။ သူတို့ စောင့်ရှောက်မှာလား မသိဘူး။ ” ဟု လူနာဦးသန်းဇော်၏ ဖခင်က ပြောသည်။

မြောက်ဦးမြို့ နန်းတော်ရာကုန်းတွင် လုပ်မည့်ဟောပြောပွဲကို ခွင့်မပြုရာကနေ ထောင်ချီသည့်လူထုနှင့် ရဲတပ်ဖွဲ့ဝင်တို့ ပဋိပက္ခဖြစ်ပွားခဲ့ရာ အရပ်သား ၇ ဦး သေဆုံးပြီး၊ အရပ်သား ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်။ အလားတူ ရဲတပ်ဖွဲ့ဝင် ၂၀ ဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သည်ဟု အစိုးရက ထုတ်ပြန်ထားသည်။

 နေရောင်မင်း(စစ်တွေ)
Development Media Group
http://www.dmediag.com/
မြောက်ဦးပဋိပက္ခကြောင့် စစ်တွေဆေးရုံ၌ ကုသနေသည့် လူနာ ၈ ဦးကို ဖမ်းဆီး မြောက်ဦးပဋိပက္ခကြောင့် စစ်တွေဆေးရုံ၌ ကုသနေသည့် လူနာ ၈ ဦးကို ဖမ်းဆီး Reviewed by THITHTOOLWIN on 11:41 Rating: 5
Powered by Blogger.