မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောဟာ ဇန်န၀ါရီလ(၁၆)ရက် ဒီနေ့မှာ ကွယ်လွန်သွားပြီဖြစ်ပါတယ်။ မနက်အစောပိုင်း (၁၂)နာရီ (၁၅)မိနစ်မှာ မန္တလေးအထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး ICU မှာ အဆုတ်သွေးကြောသွေးခဲတာကြောင့် ကုသမှုခံယူနေစဉ် ကွယ်လွန်သွားခဲ့တာပါ။ ဇန်န၀ါရီလ (၃)ရက်ကတော့ ဦးနှောက်သွေးကြောပေါက်ခဲ့တာကြောင့် ခွဲစိတ်ကုသမှုခံယူ ခဲ့ရာမှာတော့ အောင်မြင်ခဲ့တယ်လို့ ဦးစိုင်းကျော်ဇောရဲ့ မိသားစုဝင် ဒေါ်စိုးမမက ပြောပါတယ်။
တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောဟာ ကွယ်လွန်ချိန်မှာ အသက်(၆၈)နှစ်ရှိပြီဖြစ်ပါတယ်။ လက်ရှိမှာတော့ ရုပ်ကလာပ်ကို ချမ်းအေးသာစံမြို့နယ်ရှိ ရှမ်းတိုင်းရင်းသားသာရေးနာရေးအသင်းမှာ ထားရှိပြီး ဇန်န၀ါရီလ(၁၆)ရက် ညနေ(၃)နာရီမှာ တောင်အင်းမြောက်အင်း သုဿန်ကို ပို့ဆောင်သင်္ဂြိုလ်မယ်လို့ သိရပါတယ်။
ဦးစိုင်းကျော်ဇောဟာ (၂၀၁၅)ခုနှစ် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ရွေးချယ် ခံခဲ့တာဖြစ်ပါတယ်။ (၂၀၁၆)ခုနှစ် ဧပြီလမှာတော့ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး အဖြစ်လည်းကောင်း၊ တိုင်းဒေသကြီးလွှတ်တော်ရဲ့ သဘာပတိအဖြစ်လည်းကောင်း ရွေးချယ်ခန့်အပ်ခံခဲ့ရပါတယ်။
သတင်း - ရဲရင့်မာန်(မန္တလေး)(5 Plus News)
5 PLUS NEWS
https://www.facebook.com/5plusnews
မန္တလေးတိုင်း အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇော ကွယ်လွန်
Reviewed by THITHTOOLWIN
on
10:58
Rating:
