အီရန်ဆန္ဒပြသူတဦး အချုပ်ခံရစဉ် သေဆုံး

အီရန်ဆန္ဒပြသူများ
အီရန်နိုင်ငံမှာ အသက် ၂၂ အရွယ် ဆန္ဒပြသူတဦး အချုပ်ခန်းထဲမှာ သေဆုံးခဲ့ကြောင်း အီရန် ဥပဒေပြုလွှတ်တော်အမတ် နှစ်ဦးက ပြောဆိုပြီး ၂၀၀၉ ခုနှစ်က အလားတူ ဆန္ဒပြမှုဖြစ်ပွားခဲ့ပြီးနောက် အကျဉ်းသားတွေ ညှင်းပမ်းနှိပ်စက်သလိုမျိုး ပြန်ဖြစ်လာမှာကို စိုးရိမ်မှုတွေ တိုးမြင့်လာနေပါတယ်။

ဆီနာ ဂန်ဘာရီ လို့သိရတဲ့ အချုပ်နှောင်ခံထားတဲ့သူဟာ သူ့ကိုသူ အဆုံးစီရင်ခဲ့တယ်လို့ ကြားသိရကြောင်း ပြုပြင်ပြောင်းလဲရေးသမား လွတ်တော်အမတ် မာမွတ် ဆာဒီရှီက က ပြောပါတယ်။ အဲ့ဒီ ဖမ်းဆီးချုပ်နှောင်ခံထားရသူဟာ Tehran မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ ဥပဒေပြုလွှတ်တော်အမတ် နောက်တဦးဖြစ်တဲ့ ထေယီဘီ ဆိုင်ဗာရှီ ကပြောပါတယ်။

အဖြစ်အပျက် အသေးစိတ်ကို ချက်ခြင်း ရှင်းရှင်းလင်းမသိရသေးပေမယ့် အခုသေဆုံးမှုဟာ လက်ရှိ နိုင်ငံတ၀ှမ်းမှာ ဖြစ်ပွားနေတဲ့ ဆန္ဒပြမှုရဲ့ အကျိုးဆက်ကြောင့် အချုပ်ခန်းထဲမှာ ချုပ်နှောင်ခံထားရတဲ့ ဆန္ဒပြသူတဦး ပထမဦးဆုံး သေဆုံးမှုဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီးတင်းနှစ်ပတ်နီးပါးက ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုတွေအတွင်း တုန့်ပြန် ကိုင်တွယ်ရာမှာ လူပေါင်း ၁ ထောင်ကျော်ကို အီရန် အာဏာပိုင်တွေ ဖမ်းဆီးခဲ့ပါတယ်။

ဆန္ဒပြမှုအတွင်းမှာတော့ သေဆုံးသူ ၂၁ ဦးထက်မနည်း ရှိခဲ့ပါတယ်။ ဂန်ဘာရီမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု ပြုလုပ်သွားဖို့ လွတ်တော်အမတ် ဆာဒီရှီက တောင်းဆိုလိုက်သလို ၂၀၀၉ ခုနှစ် ဆန္ဒပြမှုနောက်ပိုင်း ဖြစ်ပွားခဲ့တဲ့ ညှင်းပမ်းနှိပ်ဆက်မှုမျိုးကို ကန့်ကွက်ကြောင်းလည်း အာဏာပိုင်တွေကို သတိပေး ပြောဆိုလိုက်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
အီရန်ဆန္ဒပြသူတဦး အချုပ်ခံရစဉ် သေဆုံး အီရန်ဆန္ဒပြသူတဦး အချုပ်ခံရစဉ် သေဆုံး Reviewed by THITHTOOLWIN on 06:47 Rating: 5
Powered by Blogger.