ဘားအံ ဇန်နဝါရီ ၁၆
အသက် ၇၈နှစ်အရွယ် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှု ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် ဇန်နဝါရီလ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့သဖြင့် နယ်မြေခံရဲစခန်းက ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ် သေမှုသေခင်းဖွင့်လှစ် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက် ၈နာရီအချိန်ခန့်က ဘားအံမြို့နယ်၊ အိန္ဒုကျေးရွာ၊ အောင်ရတနာရပ်ကွက်တွင် အမျိုးသားတစ်ဦး ဆွဲကြိုးချ သေဆုံးမှုဖြစ်ပွားကြောင်း သတင်းအရ အိန္ဒုနယ်မြေရဲစခန်းမှူး ရဲအုပ် မင်းအောင်ထွန်း ဦးစီးအဖွဲ့မှ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ဦးကိုလုတ်၊ ၇၈နှစ်ဖြစ်ပြီး နေအိမ်နောက် ဘက်ခြံစည်းရိုးရှိ မှို့ပင်တွင် ပုဆိုးဖြင့်ချည်ကာ ကြိုးဆွဲချသေဆုံးနေကြောင်း တွေ့ရှိရကာ ခန္ဓာကိုယ်တွင် ပြင်ပဒဏ်ရာတစ်စုံတစ်ရာ မတွေ့ရဘဲ ဝဲယာလက်မများမှာ အတွင်းဘက်သို့ ကွေးကောက်ကာ ပါးစပ်မှ သွားရည်များ ထွက်ကျသေဆုံးနေခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး သေဆုံးသူ၏ သမီးဖြစ်သူပြောပြချက်အရ ၎င်း၏ဖခင်ဖြစ်သူ ဦးကိုလုတ်မှာ လွန်ခဲ့သော ၅ လခန့်က လေဖြတ်ရောဂါခံစားခဲ့ရသဖြင့် စိတ်ဂယောက်ဂယက်ခံစားနေရကြောင်း ဇန်နဝါရီလ ၁၄ ရက်နေ့ ည ၁၁နာရီခွဲအချိန်ခန့် အိပ်ယာဝင်ခဲ့ပြီး ၁၅ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်ခန့် အိပ်ယာမှနိုးစဉ် ဖခင်အားမတွေ၍ လိုက်လံရှာဖွေရာ ဖခင်မှာ ကြိုးဆွဲချသေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ဦးကိုလုတ်သေဆုံးခြင်းအပေါ် ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စုံစမ်းစစ်ဆေးနိုင်ရန် အိန္ဒုနယ်မြေရဲစခန်းက သေမှုသေခင်းဖွင့်လှစ်ကာ ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)
ဘားအံသတင်း
https://www.facebook.com/Hpaannews.kayin
ဘားအံမြို့နယ်တွင် အသက် ၇၈နှစ်အရွယ် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး
Reviewed by THITHTOOLWIN
on
22:40
Rating:
