![]() |
အမေရိကန်ဟာ ပါလက်စတိုင်းရဲ့ အကြီးဆုံး အလှူရှင် နိုင်ငံဖြစ် |
အမေရိကန်ရဲ့ အကူအညီတွေ အပေါ် ပါလက်စတိုင်းဘက်က လေးစား တန်ဖိုးထားတာမျိုး မပြဘူးလို့ မစ္စတာ ထရမ့်က သူ့ရဲ့ အွန်လိုင်းလူမှုကွန်ရက် တွစ်တာမှာ ဆိုပါတယ်။
ဒါ့အပြင် ဂျေရုဆလင်ကို အစ္စရေးနိုင်ငံရဲ့ မြို့တော်အဖြစ် အငြင်းပွားဖွယ် အသိအမှတ်ပြုခဲ့တဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်ကိုလည်း အနာဂတ် ငြိမ်းချမ်းရေး စကားဝိုင်းတွေမှာ အပေးအယူ အလျှော့အတင်းလုပ် ထည့်သွင်း ဆွေးနွေးသွားမှာ မဟုတ်ဘူးလို့လည်း သမ္မတထရမ့်က ပြောပါတယ်။
ဂျေရုဆလင်ကို အစ္စရေး မြို့တော် သတ်မှတ်တဲ့ မူဝါဒကြောင့် အမေရိကန်ဟာ အစ္စရေး-ပါလက်စတိုင်း နှစ်ဖက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ဘက်မလိုက်တဲ့ ကြားပွဲစား မဟုတ်နိုင်တော့ဘူးလို့ ပါလက်စတိုင်းဘက်က ကြေညာထားပါတယ်။
သမ္မတထရမ့်ရဲ့ ၂၀၁၇ ဒီဇင်ဘာလတုန်းက ကြေညာခဲ့တဲ့ အဲဒီ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂမှာလည်း ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချခဲ့ကြပါတယ်။ မစ္စတာထရမ့်ရဲ့ ရွေးကောက်ပွဲ မဲဆွယ်တုန်းက ပေးခဲ့တဲ့ ကတိစကားလည်း ဖြစ်တဲ့ ဂျေရုဆလင် မြို့တော် အရေးကို ကုလသမဂ္ဂ အဖွဲ့ဝင် ၁၂၈ နိုင်ငံက ဆန့်ကျင် ခဲ့ကြတာပါ။
ပါလက်စတိုင်းမှာ လူမှုကူညီရေးတွေ ဆောင်ရွက်နေတဲ့ ကုလသမဂ္ဂ ကယ်ဆယ်ရေး အေဂျင်စီကို ငွေကြေး ထောက်ပံ့တာတွေ ရပ်ပစ်မယ်လို့ အမေရိကန်ရဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ထုတ်ဖော်ပြောဆိုအပြီးမှာ သမ္မတထရမ့်က အခုလို ခြိမ်းခြောက်ခဲ့တာလည်း ဖြစ်ပါတယ်။
ကုလအေဂျင်စီက ပါလက်စတိုင်းမှာ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုဖူလုံရေးတွေ လုပ်ဆောင်နေတာပါ။ အဲဒီမှာ အမေရိကန်က အကြီးဆုံး အလှူရှင် နိုင်ငံ ဖြစ်ပြီး ၂၀၁၆ ခုနှစ်ထဲမှာ ဒေါ်လာ သန်း ၃၇၀ နီးပါး လှူဒါန်းခဲ့ပါတယ်။
အမေရိကန် အကူအညီက ကုလသမဂ္ဂအေဂျင်စီရဲ့ ရန်ပုံငွေ စုစုပေါင်း ၃၀ ရာခိုင်နှုန်းလောက် ရှိတာ ဖြစ်လို့ ငွေကြေးထောက်ပံ့မှုတွေသာ ရပ်တန့်ခဲ့ရင် ကုလအေဂျင်စီ အတွက် အခက်ကြုံမယ့် အနေအထားဖြစ်ပါတယ်။
ကုလအေဂျင်စီကို ဒုတိယ အများဆုံး ကူညီနေတာက ဥရောပသမဂ္ဂ ဖြစ်ပေမယ့် ၂၀၁၆ မှာ သူ့ အကူအညီက အမေရိကန် ထက် တဝက်ကျော် လျော့နည်းပါတယ်။
BBC Burmese
http://www.bbc.com/burmese
ပါလက်စတိုင်းကို ကူညီနေတာရပ်မယ် ထရမ့်ဆို
Reviewed by THITHTOOLWIN
on
19:05
Rating:
