![]() |
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကို တွေ့ရစဉ်/ Photo: Thiha Tun/RFA |
ဇန်န၀ါရီ ၇ ရက်နေ့ မနေ့က ရက်စွဲနဲ့ ARSA အဖွဲ့က လူမူကွန်ရက် တွစ်တာမှာ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်မှာ တိုက်ခိုက်မူတွေပြန်လုပ်သွားမယ် ဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး အကြမ်းဖက် အဖွဲ့အစည်းကို လက်မခံဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။
"နိုင်ငံသားဆိုတာ အကြမ်းဖက်နည်းနဲ့ တိုက်ယူလို့မရဘူး၊ ဒီကမ္ဘာမှာရှိတဲ့ ဘယ်နိုင်ငံကမှလည်း အဲဒါမျိုးလက်မခံဘူး ၊ ဘယ်နိုင်ငံမှာမှ ခွင့်မပြုဘူး ၊ ကျနော်တို့ နောက်ဆုံးသြဂုတ်လ ၂၅ ရက်နေ့ မှာဖြစ်သွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မူဆိုရင် ရဲစခန်းပေါင်း သုံးဆယ်နဲ့ တပ်မတော် တပ်ရင်းဌာနချုပ် တစ်ခု အားလုံးပေါင်း ၃၁ ခုကို တချိန်ထဲ တပြိုင်ထဲလိုလို တိုက်တာဖြစ်တယ်။ ဘယ်နိုင်ငံမှာ ဒီလိုတိုက်ခိုက်မှုဖြစ်ခဲ့သည်ဖြစ်စေ ဘယ်နိုင်ငံမှ လက်မခံဘူး"
နိုင်ငံသားဖြစ်ဖို့အတွက် ဥပဒေနဲ့ အညီ ထိုက်သင့်တဲ့ စစ်ဆေးမှုတွေ ခံရမှာဖြစ်ပြီး အလိုအလျောက် နိုင်ငံသားဖြစ်ခွင့်ရှိတဲ့ နိုင်ငံကမ္ဘာမှာ ဘယ်နိုင်ငံမှာမှ မရှိဘူးလို့ ဦးဇော်ဌေးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်နေ့က ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ တပ်မတော်သားတွေ လိုက်ပါလာတဲ့ ယာဉ်ကို ဆွဲမိုင်းနဲ့ ဖောက်ခွဲမှုလုပ်ဆောင်ခဲ့ပြီး အဲဒီ တိုက်ခိုက်မူဟာ သူတို့ ARSA အဖွဲ့ရဲ့ စတင် တိုက်ခိုက်မှုဖြစ်ကြောင်း လူမူကွန်ရက်ကတဆင့် ကြေညာခဲ့တာဖြစ်ပါတယ်။ အဲဒီ တိုက်ခိုက်မှုကြောင့် တပ်မတော်သားတချို့နဲ့ ယာဉ်မောင်းတို့ ထိခိုက်ဒဏ်ရာရမှုရှိခဲ့ပါတယ်။
အကြမ်းဖက်နည်းလမ်းတွေနဲ့ နိုင်ငံသားဖြစ်ခွင့်ရှိလာမှာမဟုတ်ဘဲ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ဥပဒေနဲ့အညီ စစ်ဆေးခံယူမှသာ ထိုက်သင့်တဲ့ အခွင့်အရေးတွေရဖို့ လုပ်ပေးမှာဖြစ်တယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး က ARSA အဖွဲ့ရဲ့ မြန်မာလုံခြုံရေးတပ်ဖွဲ့အပေါ် တိုက်ခိုက်မူကို ရှုံ့ချကြောင်း နဲ့ ဒဏ်ရာရရှိသူတွေနဲ့ မိသားစုဝင်တွေနဲ့ ထပ်တူ စိတ်မကောင်းဖြစ်ရကြောင်း ဒီနေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ခဲ့သလို ဗြိတိန်သံရုံးကလဲ အကြမ်းဖက်တိုက်ခိုက်မူကိုရှုံ့ချတယ် လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ARSA ကို အကြမ်းဖက်အဖွဲ့အစည်းလို့ အစိုးရက သတ်မှတ်ကြေညာထားတဲ့အတွက် အကြမ်းဖက် အဖွဲ့အစည်းကို နှိမ်နင်းတဲ့ နည်းလမ်းနဲ့သာ ဥပဒေနဲ့အညီ တုန့်ပြန်သွားမယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။
ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့လည်း ရခိုင်ပြည်နယ် မတည်ငြိမ်အောင် ရည်ရွယ်လုပ်ဆောင်နေတဲ့ ARSA အဖွဲ့ရဲ့ အကြမ်းဖက် တိုက်ခိုက်မူတွေကို အားပေးအားမြှောက် သဘောမျိုးဖြစ်စေတဲ့ အပြုအမှုမျိုးနဲ့ ရေးသားပြောဆိုမူတွေကို ရှောင်စေလိုတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။
ARSA အဖွဲ့ဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရ နှစ်ရပ်ကြား သဘောတူညီချက်အရ ဒုက္ခသည်တွေ နေရပ်ပြန်လာရေး ဆောင်ရွက်ချက်ကို ပျက်ပြားအောင် ရည်ရွယ်ချက်ရှိရှိဆောင်ရွက်နေတယ်ဆိုတာ နိုင်ငံတကာက သတိပြုစေလိုကြောင်း ဦးဇော်ဌေးကပြောပါတယ်။
RFA Burmese
http://www.rfa.org/burmese
ARSA အဖွဲ့ရဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေကို ခွင့်ပြုမှာ မဟုတ်ကြောင်း ဦးဇော်ဌေး ပြော
Reviewed by THITHTOOLWIN
on
20:33
Rating:
