ဒေါက်တာအေးမောင်ကို နှုတ်ထွက်ခွင့် မပြုသေးဘဲ ပါတီတာဝန်တွေ ရပ်ဆိုင်းဖို့ ANP ဆုံးဖြတ်

ရခိုင်အမျိုးသားပါတီ(ANP)ရဲ့ ဗဟိုကော်မတီ၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီအစည်းအဝေးကို ဇန်နဝါရီလ ၇ ရက်နေ့က စစ်တွေမြို့ ပါတီဗဟိုဌာနချုပ်မှာ ကျင်းပစဉ်။ Photo: Min Thein Aung/ RFA
ရခိုင်အမျိုးသားပါတီ(ANP) ဥက္ကဌ ဒေါက်တာအေးမောင်ကို ပါတီကနေ နှုတ်ထွက်ခွင့်မပြုသေးဘဲ ဥက္ကဌနေရာနဲ့ တာဝန်ကို ရပ်ဆိုင်းထားဖို့ ပါတီဗဟိုကော်မတီ အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါတယ်။

ပါတီရဲ့ ရှေ့လုပ်ငန်းစဉ်တွေကိုတော့ ဥက္ကဌအဖွဲ့၊ အတွင်းရေးမှူးအဖွဲ့တွေနဲ့ ရှေ့ဆက်ဆောင်ရွက် သွားမယ်လို့ ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ရခိုင်အမျိုးသားပါတီ(ANP)ရဲ့ ဗဟိုကော်မတီ၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီအစည်းအဝေးကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့ကနေ ဒီနေ့အထိ စစ်တွေမြို့ ပါတီဗဟိုဌာနချုပ်မှာ ၄ ရက်ကြာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒေါက်တာအေးမောင်ဟာ ပြီးခဲ့တဲ့နိုဝင်ဘာလ ၂၇ ရက်နေ့က ပါတီကနေ နှုတ်ထွက်ခွင့်တင်ပြထားတာဖြစ်ပါတယ်။

ဒေါက်တာအေးမောင်ကတော့ ပါတီဘက်က ဘယ်လိုပဲဆုံးဖြတ်ဆုံးဖြတ် သူ့ရဲ့နှုတ်ထွက်စာကို ရုတ်သိမ်းမှာမဟုတ်ကြောင်း RFA ကို မနေ့က ပြောထားပါတယ်။

ဒါ့အပြင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေအပါအဝင် လွှတ်တော်ကိုယ်စားလှယ်အချို့ ပါတီကနေ နှုတ်ထွက်ခွင့်တင်ထားတဲ့ ကိစ္စနဲ့ပတ်သက် ပြီးတော့လည်း ပါတီစည်းမျဉ်းတွေအရ ကာယကံရှင်တွေနဲ့ တိုက်ရိုက်ရှင်းလင်းစရာရှိနေသေးတဲ့အတွက် နှုတ်ထွက်ခွင့်မပြုသေးဘူးလို့လည်း ပြောပါတယ်။

၎ ရက်ကြာကျင်းပပြုလုပ်ခဲ့တဲ့ ပါတီရဲ့ အစည်းအဝေးမှာ ရခိုင်ပြည်နယ်နိုင်ငံရေး အခြေအနေနဲ့ ရခိုင်အမျိုးသားနိုင်ငံရေး ရှေ့လုပ်ငန်းစဉ်တွေ၊ ပါတီကျစ်လစ်ခိုင်မာရေးနဲ့ ပါတီတည်ဆောက်ရေး၊ မွတ်ဆလင်တွေကို ပြန်လည်နေရာချထားရေးနဲ့ပတ်သက်တဲ့သဘောထား၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ( ၂၁ ရာစုပင်လုံ) တက်ရောက်တာနဲ့ပတ်သက်ပြီး အကြံပြုချက် အစရှိတဲ့ အချက်(၄) ချက်ကို အဓိထားဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
ဒေါက်တာအေးမောင်ကို နှုတ်ထွက်ခွင့် မပြုသေးဘဲ ပါတီတာဝန်တွေ ရပ်ဆိုင်းဖို့ ANP ဆုံးဖြတ် ဒေါက်တာအေးမောင်ကို နှုတ်ထွက်ခွင့် မပြုသေးဘဲ ပါတီတာဝန်တွေ ရပ်ဆိုင်းဖို့ ANP ဆုံးဖြတ် Reviewed by THITHTOOLWIN on 19:56 Rating: 5
Powered by Blogger.