စစ်ဘေးဒုက္ခသည်တွေ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရကြောင်း UNFC ပြော

ရှမ်းပြည်နယ်ကနေထွက်ပြေးလာတဲ့ ဒုက္ခသည်အချို့ကို တွေ့ရစဉ်။ Photo: Kan Thar/ RFA
လက်ရှိအစိုးရလက်ထက်မှာ တိုင်းရင်းသားဒေသဖွံ့ဖြိုးရေးအတွက် စီမံကိန်းတွေ အကောင်အထည် ဖော်နိုင်မှု မရှိသေးတဲ့အပြင် လက်ရှိမှာ စစ်ဘေး ဒုက္ခသည်တွေဟာ ပိုမိုဆိုးဝါးတဲ့ အကြပ်အတည်းတွေ ကိုသာ ရင်ဆိုင်နေရတယ်လို့ UNFC ရဲ့ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဦးထွန်းဇော် က ဒီနေ့ ပြောပါတယ်။

ဒုက္ခသည်တွေကို ထောက်ပံ့နေတဲ့ နိုင်ငံတကာအကူအညီတွေ ရပ်ဆိုင်းလိုက်ပြီဖြစ်တာကြောင့် ပိုပြီး ဒုက္ခရောက်နေကြတယ်လို့ UNFC ရဲ့ဗဟိုအလုပ် မှုဆောင်ကော်မတီဝင် ဦးထွန်းဇော် က  ပြောတာဖြစ်ပါတယ်။

"မရှိဘူးခင်ဗျ၊ ဖွံ့ဖြိုးမှုထက် ကျနော်တို့ ဆုတ်ယုတ်မှုက ပိုရှိတယ်လို့ ပြောရမှာ ဖြစ်ပါတယ်၊ ဒုက္ခသည် စခန်းမှာ နေလာခဲ့ကြတဲ့ ရွာပုန်းရွာရှောင်တွေ၊ ဒုက္ခသည်တွေ၊ အထူးသဖြင့် ထိုင်းမြန်မာနယ်စပ်မှာ ဆိုရင် နိုင်ငံတကာ အကူအညီတွေ ရပ်ဆိုင်းလိုက်ပြီ ဖြစ်တဲ့အတွက် အခုဒုက္ခတွေရောက်နေ တယ်၊ ပြီးရင် ကရင်ပြည်ထဲမှာလည်း အဲ့အတိုင်းပါပဲ၊ ပိုပြီးတော့မှ ဒုက္ခတွေရောက်နေကြတာတွေရှိတယ်၊ သူတို့အိမ်မပြန်နိုင်ကြသေးဘူး၊ ဒါပေမယ့် နိုင်ငံတကာ ကူညီမှုတွေရပ်တံ့ကုန်ပြီ"

ဆောင်းရာသီမှာ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်အတွင်းက ဒုက္ခသည်စခန်းတွေမှာ ဒေသခံတွေ နေထိုင်ရေး အတွက် အခက်အခဲတွေရှိနေကြောင်းနဲ့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကြား ဖွံ့ဖြိုးရေး စီမံကိန်းတွေအတွက် မူဝါဒတွေသာချမှတ်နိုင်ပြီး လက်တွေ့ အကောင်ထည် ဖော်ဆောင်ရွက်နိုင်မှု မရှိဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံတကာက လူသားချင်းစာနာမှုအနေနဲ့ အပစ်ရပ်လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသားဒေသတွေမှာ စိုက်ပျိုးရေးစီမံကိန်းတွေ ဆောင်ရွက်ပေးဖို့ စီစဉ်မှုအပေါ် NCA လက်မှတ်ရေးထိုးပြီးမှ ဆက်လက်ဆောင်ရွက်ဖို့ တပ်မတော်က တားမြစ်မှုကြောင့် ဆက်လက် လုပ်ဆောင်နိုင်မှုမရှိတာတွေလည်း ရှိခဲ့တယ် လို့ ဦးထွန်းဇော် က ပြောပါတယ်။

NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက် အပြီးသတ်ဆွေးနွေးနိုင်ဖို့ UNFC ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ထိပ်တိုက်တွေ့ဆုံဖို့ UNFC ဘက်က ကမ်းလှမ်းချက်ကို အစိုးရနဲ့ တပ်မတော်က အကြောင်းပြန်တာမရှိသေးကြောင်း ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
စစ်ဘေးဒုက္ခသည်တွေ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရကြောင်း UNFC ပြော စစ်ဘေးဒုက္ခသည်တွေ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရကြောင်း UNFC ပြော Reviewed by THITHTOOLWIN on 19:45 Rating: 5
Powered by Blogger.