RCSSနဲ့ ပလောင်အဖွဲ့ တွေ့ဆုံဖို့ ကြိုးပမ်းမှု မအောင်မြင်သေးကြောင်း ပလောင်အဖွဲ့ ကြေညာချက်ထုတ်

TNLA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်။ Photo: Kan Thar/RFA
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တို့အကြား လက်နက်ကိုင်ပဋိပက္ခတွေ ကို ဖြေရှင်းနိုင်ဖို့အတွက် နှစ်ဖက်တွေ့ဆုံမယ့်ရက်ကို ရွှေ့ဆိုင်းလိုက်တယ်လို့ PSLF/TNLA က ဒီကနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၅ ရက်နေ့က တွေ့ဆုံဖို့ စီစဉ်ခဲ့ပေမယ့် RCSS/SSA ဖက်က တွေ့ဆုံမယ့်ရက် နောက်ဆုတ်လိုက်တဲ့အတွက် လတ်တလောမှာတော့ မဖြစ်နိုင်သေးဘူးလို့ PSLF/TNLA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောပါတယ်။

"တွေ့ဆုံပွဲဖြစ်မယ်ဆိုပြီးတော့ ကျနော်တို့အဖွဲ့က မိုင်းလားကိုသွားခဲ့တာပေါ့ မိုင်းလားရောက်မှ သူတို့က မကြာခင် သူတို့က အမျိုးသား အဆင့်နိုင်ငံရေး ဆွေးနွေးပွဲရှိတယ်ဆိုပြီးမှ လာမယ့် ဇန်နဝါရီလ တတိယပတ်နောက်ပိုင်းမှ တွေ့ဆုံမှုကိုလုပ်မယ်ဆိုပြီးမှ အကြောင်းပြန်လာတာ အဲဒါဆွေးနွေးမှုက မဖြစ်မြောက်ခဲ့ဘူးပေါ့"

၂၀၁၅ ခုနှစ်လောက်ကတည်းက ရှမ်းပြည်မြောက်ပိုင်းမှာ PSLF/TNLAနဲ့ RCSS/SSA တို့ မြေပြင်တိုက်ပွဲတွေဖြစ်ပွားနေတဲ့ အတွက် နှစ်ဖက်ခေါင်းဆောင်တွေ ဆွေးနွေးနိုင်ဖို့ စီစဉ်ခဲ့ကြတာဖြစ်ပါတယ်။

အခုလိုတွေ့ဆုံနိုင်ဖို့အတွက် ပန်ဆန်း-မိုင်းလားဒေသမှာ ပြီးခဲ့တဲ့ဒီဇင်ဘာလ ၅ ရက်နေ့က ချိန်းဆို ခဲ့ပေမယ့်လည်း RCSS/SSA ဖက်က ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ရှိနေတာကြောင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ တတိယပတ်နောက်ပိုင်းမှာ တွေ့ဆုံဖို့ ထပ်မံရွှေ့ဆိုင်း လိုက်ပါတယ်။

ရှမ်းပြည်မြောက်ပိုင်း သီပေါ၊ နမ့်ဆန်၊ ကျောက်မဲ၊ နမ္မတူ စတဲ့ဒေသတွေမှာ PSLF/TNLA နဲ့ RCSS/SSA နှစ်ဖက်တပ်တွေ လှုပ်ရှားကြတာဖြစ်တဲ့အတွက်  မကြာမကြာထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေကြတာပါ။

RCSS/SSA အဖွဲ့ဟာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
RCSSနဲ့ ပလောင်အဖွဲ့ တွေ့ဆုံဖို့ ကြိုးပမ်းမှု မအောင်မြင်သေးကြောင်း ပလောင်အဖွဲ့ ကြေညာချက်ထုတ် RCSSနဲ့ ပလောင်အဖွဲ့ တွေ့ဆုံဖို့ ကြိုးပမ်းမှု မအောင်မြင်သေးကြောင်း ပလောင်အဖွဲ့ ကြေညာချက်ထုတ် Reviewed by THITHTOOLWIN on 17:32 Rating: 5
Powered by Blogger.