NCA မှာ လက်မှတ်ထိုးမယ့် အဖွဲ့တွေ ရှိကြောင်း ဦးဝင်းထိန် ပြော

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန်ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့က ကျင်းပတဲ့ NLD ပါတီရဲ့ပထမဗဟိုကော်မတီ၊ အဋ္ဌမအကြိမ်အစည်းအဝေးတွင် တွေ့ရစဉ်။ Photo: Aung Thain Kha/ RFA
တတိယအကြိမ်မြောက် ၂၁ ရာစုပင်လုံညီလာခံမှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA မှာလက်မှတ်ထိုးမယ့် အဖွဲ့တွေ ရှိလာမယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန်က ဒီနေ့ ပြောပါတယ်။

ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဗဟိုဌာနချုပ်မှာ ၂ ရက်ကြာ ကျင်းပခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီရဲ့ ပထမဗဟိုကော်မတီ၊ အဋ္ဌမအကြိမ်အစည်းအဝေးပွဲအပြီး ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးဝင်းထိန်က သတင်းမီဒီယာသမားတွေရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့တာဖြစ်ပါတယ်။

"အန်ကယ်လ်တို့က ဖြတ်သန်းလာတဲ့အခါမှာ ၁၉၇၀ ၈၀ လောက်မှာ ဖက်ဒရယ်ဆိုတဲ့ စကားပြောကြည့် ထောင်ကျတယ် ဖက်ဒရယ်ဆိုတဲ့ ပြောတဲ့စကားပြောတဲ့ လူက ပြည်ထောင်စုပြိုကွဲဖို့ လုပ်တယ်ဆိုတဲ့ သဘော တရားတွေ့တဲ့အတွက်ကြောင့်မို့ လုံးဝလက်မခံခဲ့ဘူး အော်အခု အားလုံးက သဘောတူညီခဲ့တယ် ဒါဟာဆိုရင် အင်မတန် ထူးခြားတဲ့တိုးတက်မှု ဖြစ်တယ် အဲဒီ ၃၇ ချက်ဟာ နောင်လာမယ့် (National A Court)  အမျိုးသားငြိမ်းချမ်းရေး စာချုပ်မှာ အကြုံးဝင် သွားပြီ ဖြစ်တဲ့အတွက် အဲအတွက်မို့လို့ အရင်တုန်းက တစ်ခါမှ မရခဲ့ဖူးတဲ့ ကတိတွေရခဲ့တယ် သဘောတူညီချက်တွေ ရခဲ့တယ် အခုနောက်လာမယ့် တတိယ တစ်ကြိမ်မှာလည်း လက်မှတ်ထိုးမယ့် အဖွဲ့တွေ ရှိလာပြီဆိုတာတော့ ကြိုတင်ပြီး ပြောထားချင်တယ်"

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ အချိန်ကြာဦးမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် အနာဂတ်မှာ ဒီမိုကရေစီကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ်ဆိုတဲ့အချက်ကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်တဲ့အဖွဲ့အစည်းတွေ အားလုံးနီးပါးလက်ခံထားပြီး အဓိကအနေနဲ့ တပ်မတော်က လက်ခံထားတယ်လို့ ဦးဝင်းထိန် ကပြောပါတယ်။

မွန်ပြည်သစ်ပါတီက NCA မှာ လက်မှတ်ရေးထိုးမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ဆုံးဖြတ်ထားပြီး ဘယ်နေ့ဘယ်ရက်မှာ လက်မှတ်ထိုးမယ်ဆိုတာ လက်ရှိအချိန်မှာ မပြောနိုင်သေးဘူးလို့ ပြောထားပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီရဲ့ ပထမဗဟိုကော်မတီ၊ အဋ္ဌမအကြိမ်အစည်းအဝေးပွဲအပြီးမှာ အလုပ်အမှု ဆောင် အဖွဲ့တွေကို အစားထိုးဖြည့်ဆည်းဖို့၊ ပါတီစည်းရုံးရေး လုပ်ငန်းတွေကို တိုးမြှင့် ဆောင်ရွက်ဖို့၊ ပါတီ၊ အစိုးရ၊ လွှတ်တော် ဟန်ချက်ညီညီ ဆောင်ရွက်ဖို့၊ ပါတီစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ အဆင့်ဆင့်ကို ပြန်လည် ဖွဲ့စည်းဖို့၊ စစ်ဘေးဒုက္ခသည်တွေကို တတ်နိုင်သမျှ ပံ့ပိုးကူညီဖို့ စတဲ့ အချက် ၆ ချက်ပါတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပြီး ရှေ့လုပ်ငန်း စဉ်တွေလည်း ရေးဆွဲခဲ့ပါတယ်။ ရှေ့လုပ်ငန်းစဉ်တွေထဲမှာ ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးးကို ဦးတည်ဖို့ ဒုတိယအကြိမ် ပါတီညီလာခံကျင်းပဖို့တို့ ပါဝင်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပထမဗဟိုကော်မတီ အဋ္ဌမအကြိမ် ပုံမှန်အစည်းအဝေးကို အစည်းအဝေးကို နိုင်ငံတော် သမ္မတ ဦးထင်ကျော်ရဲ့ဇနီး ဒေါ်စုစုလွင်၊ ပါတီဗဟိုကော်တီဝင် ၁၀၀ ကျော်၊ အရံဗဟိုကော်မတီဝင်တွေ၊  ပြည်နယ်တိုင်း အလုပ်အမှုဆောင် ဥက္ကဋ္ဌတွေ၊ လွှတ်တော်ဥက္ကဋ္ဌ တွေနဲ့ ဝန်ကြီးချုပ်တွေ စုစုပေါင်း ၁၂၈ ဦးတက်ရောက်ခဲ့ကြပါတယ်။

RFA Burmese
http://www.rfa.org/burmese
NCA မှာ လက်မှတ်ထိုးမယ့် အဖွဲ့တွေ ရှိကြောင်း ဦးဝင်းထိန် ပြော NCA မှာ လက်မှတ်ထိုးမယ့် အဖွဲ့တွေ ရှိကြောင်း ဦးဝင်းထိန် ပြော Reviewed by THITHTOOLWIN on 19:43 Rating: 5
Powered by Blogger.