![]() |
၆၈ နှစ်မြောက် ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့ကို ကယားပြည်နယ် ဖားဆောင်းမြို့နယ် နန်းကစ်ကျေးရွာမှာ ၂ဝ၁၆ ခုနှစ် သြဂုတ်လ ၉ ရက်နေ့က ကျင်းပစဉ်/ Photo: RFA |
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ခွင့်ရမယ်ဆိုရင် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၀ ရက်နေ့က KNPP တပ်သားတွေ အသတ်ခံခဲ့ရတဲ့ကိစ္စကို တင်ပြဆွေးနွေးချင်တယ်လို့ KNPP ရဲ့ အထွေထွေအတွင်းရေးမှူး ဦးရွှေမျိုးသန့်က ပြောပါတယ်။
"ကျနော်တို့ တွေ့ခွင့်တောင်းပါတယ်၊ သီးသန့်ပေါ့နော် ၊ ဖိတ်တာတော့ ဖိတ်တယ်၊ ကျနော်တို့က သီးသန့်တွေ့ ဖို့တောင်းတော့ သူ့ရဲ့အချိန်ဇယားကြောင့်ပေါ့လေ တွေ့ခွင့်မရဘူးလို့ အဲလိုမျိုး ပြောသံကြားတာပေါ့လေ၊ ဖြစ်စဉ်အမှန်ပေါ့လေ၊ ကျနော်တို့ဖက်က ငြိမ်းချမ်းရေး ယုံကြည်မှုကြောင့်မို့လို့ မတရားပစ်သတ်ခံထိတာပေါ့၊ အဲဒီကိစ္စပြင်ဆင်ထားတဲ့ စာရှိတယ်၊ နောက် အထောက်အထားတွေ သူ့လက်ထဲထည့်ပြီးတော့မှ တစ်စုံတစ်ရာ တရားမျှတမှု ရမလားပေါ့ ကြိုးစားတာပေါ့လေ၊ ကျနော်ထင်တာတော့ ကြိုတင်ပို့ထားတဲ့စာကတော့ ရောက်သွား ပြီထင်တယ်"
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ မနက်ဖြန် ကယားပြည်နယ် လွိုင်ကော်မြို့က ပြည်နယ်ခန်းမမှာ ငြိမ်းချမ်းရေး စကားဝိုင်း ကျင်းပဖို့စီစဉ်ထားပြီး KNPP က ကိုယ်စားလှယ်တွေကိုလည်း တက်ရောက်ဖို့ ဖိတ်ကြားခံထားရတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၀ ရက်နေ့က လွိုင်ကော်မြို့နယ်၊ ပါလောင်းကျေးရွာနဲ့ ဒေါတခြားကျေးရွာကြား KNPP ရဲ့ ယာယီစစ်ဆေးရေးဂိတ်ကို တပ်မတော်က ၀င်ရောက်စီးနင်းပြီး KNPP တပ်ဖွဲ့ဝင် ၃ ယောက် နဲ့ ဒေသခံရွာသား ၁ ယောက်ကို သတ်ဖြတ်ခဲ့တာဖြစ်ပြီး ကျူးလွန်သူတွေကို ဖော်ထုတ်ပေးဖို့အတွက် KNPP က ကြေညာချက် ထုတ်ပြန်တောင်းဆိုထားပါတယ်။
KNPP ဖက်က ၄ ဦး သေဆုံးတာဟာ နှစ်ဖက်တိုက်ပွဲတွေကြောင့်ဖြစ်ကာ တပ်မတော်က ဖမ်းဆီးခေါ်ဆောင်ပြီး ဥပဒေမဲ့ သတ်ဖြတ်တာ မဟုတ်ဘူးလို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) က ဒီဇင်ဘာလ ၂၂ ရက်နေ့က ကြေညာချက်တစ်စောင် ပြန်လည်ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး KNPP ဖက်က ဒီကနေ့ သတင်းစာရှင်းလင်းပွဲ လုပ်ဖို့စီစဉ်ထားပေမယ့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ခရီးစဉ်ရှိတဲ့အတွက် ဒီဇင်ဘာလ ၃၁ ရက်နေ့ကို ပြန်လည်ရွှေ့ဆိုင်းလိုက်တယ်လို့ ဦးရွှေမျိုးသန့်က ပြောပါတယ်။
RFA Burmese
http://www.rfa.org/burmese
နိုင်ငံတော်အတိုင်ပင်ခံနဲ့ သီးသန့်တွေ့ဆုံဖို့ KNPP တောင်းဆို
Reviewed by THITHTOOLWIN
on
19:48
Rating:
