မူဆယ်-နမ့်ခမ်းသွား ကားလမ်းအား KIA မိုင်းထောင်ဖောက်ခွဲ

မူဆယ်-နမ့်ခမ်းသွား ကားလမ်းအား KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က မိုင်းထောင်ဖောက်ခွဲ၊ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီး မိုင်းတစ်လုံးတွေ့ရှိ
နေပြည်တော် ၊ ဒီဇင်ဘာ ၃၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ ဆယ်လန့်ကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၅၀၀၀ ခန့်အကွာရှိ အများပြည်သူများ သွားလာအသုံးပြုလျက်ရှိသော မူဆယ်-နမ့်ခမ်း ကားလမ်းအား ဒီဇင်ဘာ ၃၀ ရက်ည ၁၂ နာရီ ၄၅ မိနစ်တွင် KIA အကြမ်းဖက်သောင်းကျန်းသူများက မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးမှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်နေရာသို့ တပ်မတော်စစ်ကြောင်းများက သွားရောက်ရှင်းလင်းရာ ယနေ့ နံနက် ၁ နာရီ ၁၅ မိနစ်ခန့်တွင် ဆယ်လန့်ကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၆၀၀၀ ခန့်အကွာရှိ လမ်းမပေါ်၌ KIA အကြမ်းဖက်သောင်းကျန်းသူ ၂ ဦးအားတွေ့ရှိသဖြင့် ပစ်ခတ်ဖမ်းဆီးရာ တစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးအား မိုင်းထောင်ဖောက်ခွဲရာတွင် အသုံးပြုသည့် ရီမု ၁ ခုနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူ လီကြာသက်(ဘ) ဦးလီကျန်ရွမ်၊ မူဆယ်မြို့နယ်၊ ဈေးရပ်ကွက်၊ နမ့်ဆန်ဂိုဒေါင်ကျေးရွာနေသူမှာ KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ တပ်သား အဆင့်ရှိသူဖြစ်ပြီး ၎င်းအား စစ်ဆေးမေးမြန်းချက်အရ သေဆုံးသူ မာတူး(ဘ) ဦးကွမ်တောင် သည်လည်း အဆိုပါကျေးရွာတွင် နေထိုင်ပြီး KIA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ တပ်စုမှူး အဆင့်ရှိသူဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဖြစ်စဉ်နေရာအား အသေးစိတ် ဆက်လက်ရှင်းလင်းခဲ့ရာ ယနေ့မွန်းလွဲ ၁ နာရီခန့်တွင် ဆယ်လန့် ကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၃၀၀၀ ခန့်အကွာရှိ ကားလမ်းဘေးချုံအတွင်း၌ ပလပ်စတစ်အိတ်အမဲဖြင့် ထုပ်ထားသည့် မိုင်း ၁ လုံးအား တွေ့ရှိသဖြင့် အဝေးမှ ရှင်းလင်းစဉ် ပေါက်ကွဲသွားခဲ့သည်။


ထို့ပြင် မူဆယ်မြို့နယ်၊ မိုင်းယုကျေးရွာအနီး ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် အ၀င်တိုးဂိတ်အနီး ကားလမ်းဘေး၌ မိုင်းတစ်လုံးတွေ့ရှိကြောင်း သတင်းအရ ယနေ့နံနက် ၁၀ နာရီခန့်တွင် တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာ အဆိုပါ တိုးဂိတ်အနီး ကတ်တားအဟောင်း နေရာ၏ အရှေ့ဘက် ၃၀ ပေခန့်အကွာရှိ ချုံအတွင်း၌ KIA အကြမ်းဖက်သောင်းကျန်းသူ များ ထောင်ထားသည့် အလျား ၈ လက်မ၊ အနံ ၄ လက်မခန့်ရှိ ရီမုမိုင်း ၁ လုံးကို တွေ့ရှိသဖြင့် အများပြည်သူများ အန္တရာယ်မဖြစ်စေရေး သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့သည်။

ဖမ်းဆီးရမိသော KIA အကြမ်းဖက်သောင်းကျန်းသူအား နမ့်ခမ်းမြို့မရဲစခန်းသို့ လွှဲပြောင်းအပ်နှံသွားမည် ဖြစ်ကြောင်းနှင့် ဖြစ်စဉ်နေရာဝန်းကျင်တစ်ဝိုက်အား တပ်မတော်စစ်ကြောင်း နှင့် လုံခြုံရေးပူးပေါင်းအဖွဲ့က အသေးစိတ်ရှင်းလင်းခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မြ၀တီ
https://www.facebook.com/mwdmedia/
မူဆယ်-နမ့်ခမ်းသွား ကားလမ်းအား KIA မိုင်းထောင်ဖောက်ခွဲ မူဆယ်-နမ့်ခမ်းသွား ကားလမ်းအား KIA  မိုင်းထောင်ဖောက်ခွဲ Reviewed by THITHTOOLWIN on 19:51 Rating: 5
Powered by Blogger.