FPNCC အဖွဲ့ဝင်တွေဖြစ်တဲ့ တအာင်းပလောင်နဲ့ SSPP/SSA တို့ တိုက်ပွဲဖြစ်

 ရှမ်းပြည်တပ်မတော် မြောက်ပိုင်း တပ်ဖွဲ့ဝင်တွေ
ဝ ဦးဆောင်တဲ့ မြောက်ပိုင်း FPNCC ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ မဟာမိတ် အဖွဲ့ထဲက အဖွဲ့ဝင်တွေ ဖြစ်တဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း SSPP/SSA နဲ့ တအာင်းပလောင် အမျိုးသား တပ်ဖွဲ့ တို့အကြား နမ္မတူမြို့နယ် မိုင်းရင် ကျေးရွာအုပ်စုနားမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ SSPP ဝမ်ဟိုင်း အဖွဲ့ဘက်က ဘီဘီစီကို အတည်ပြုပြောဆိုပါတယ်။

မိုင်းရင် ကျေးရွာအုပ်စုနဲ့ မိုင်းနံကျေးရွာအကြားက SSPP တပ်ဖွဲ့ရဲ့ တပ်စခန်းနားမှာ ဒီဇင်ဘာလ ၅ ရက်နေ့ ည ၉ နာရီလောက်စလို့ ဒီဇင်ဘာလ ၆ ရက်နေ့ မနက် ၁ နာရီအထိ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဝမ်ဟိုင်းဘက်က ဘီဘီစီကို ပြောပါတယ်။

နှစ်ဘက်အကျအဆုံး ၊ အထိအခိုက်ကို အတိအကျမသိရပေမဲ့ သာမန်မတော်တဆ ထိတွေ့တဲ့ တိုက်ပွဲမဟုတ်ဘူးလို့လည်း အဆိုပါ အရာရှိက ဆိုပါတယ်။

ဒေသခံအချို့ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း အဲဒီ နေရာဘက်ကို တအာင်းတပ်ဖွဲ့တွေ ရောက်လာပြီး တအာန်းဒေသလို့ သတ်မှတ်ထားတာ ဖြစ်တဲ့အတွက် အိမ်ထောင်စု ဇယားနဲ့ လူစာရင်းတွေကို TNLA ဆီပေးရမယ်လို့ တအာင်းတပ်ဖွဲ့ဘက်က ပြောဆိုခဲ့ပြီးနောက် တင်းမာမှုတွေ ရှိလာခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဝမ်ဟိုင်းရဲ့ ပြန်ကြားရေးအရာရှိ ဗိုလ်မှူးကြီးစိုင်းဆုကတော့ လွန်ခဲ့တဲ့ ရက်တွေအတွင်း အဲဒီ နယ်မြေဘက်မှာ ပလောင်တပ်ဖွဲ့နဲ့ ဒေသခံ ရှမ်းတွေအကြား တင်းမာမှုတွေ ရှိခဲ့တာမှန်ပြီး တိုက်ပွဲ သတင်းကြားပေမဲ့ အသေးစိတ်အတည်ပြုချက်တွေတော့ မရသေးဘူးလို့ ဘီဘီစီကို ပြောပါတယ်။

နမ္မတူဒေသက လွှတ်တော်ကိုယ်စားလှယ်ကလည်း တအာင်းတပ်ဖွဲ့နဲ့ ရှမ်းမြောက်တပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

နမ္မတူဒေသဟာ တအာင်းပလောင် တပ်ဖွဲ့ အဓိက လှုပ်ရှားနေတဲ့ ကွတ်ခိုင် အနောက်ပိုင်း ဒေသ ၊ ၂၀ဝ၈ အခြေခံ ဥပဒေအရ သတ်မှတ်ပေးထားတဲ့ ပလောင်ဒေသ ၊ နမ့်ခမ်းဒေသတို့နဲ့ ဆက်သွယ်ရာမှာ အဓိကကျတဲ့ ဒေသလည်း ဖြစ်သလို တရုတ်မြန်မာ မဟာဗျူဟာ စင်္ကြန် လမ်းကြောင်းသစ် ဖြစ်ဖွယ်ရှိတဲ့ နမ့်ခမ်းရွှေလီမြစ်ကြောင်း လမ်းကြောင်းအတွက် အရေးပါတဲ့ ဒေသလည်း ဖြစ်ပါတယ်။

တရုတ်မြန်မာနယ်စပ် ရွှေလီမြစ်ဝှမ်းက နမ့်ခမ်းနယ်မြေကို တအာင်းပလောင် ဒေသအဖြစ် သတ်မှတ်ပေးဖို့ အစိုးရနဲ့ တအာင်းပလောင်တပ်ဖွဲ့တို့အကြား ၂၀၁၃ ခုနစ်က ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ တအာင်းတပ်ဖွဲ့ဘက်က တင်ပြခဲ့ပါတယ်။

တအာင်းပလောင် တပ်ဖွဲ့နဲ့ SSPP/SSA တို့အကြား ယခင်က ထိတွေ့မှု အချို့ရှိဖူးပေမဲ့ နာရီချီကြာမြင့်တဲ့ တိုက်ပွဲမျိုး ဖြစ်ပွားဖူးတာ မရှိပဲ အခုတိုက်ပွဲဖြစ်ပွားမှုဟာ နှစ်ဘက်တပ်ဖွဲ့ဝင်တွေအကြား ပထမဆုံးအကြိမ် အတန်ငယ်ပြင်းထန်တဲ့ တိုက်ပွဲဖြစ်ပွားလာခဲ့တာ ဖြစ်ပါတယ်။

နှစ်ဖွဲ့စလုံးဟာ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်မှာ လက်မှတ်ရေးထိုးထားခြင်း မရှိတဲ့ အဖွဲ့တွေဖြစ်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ကတော့ အစိုးရနဲ့ ပြည်နယ် ၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲထားတာ ဖြစ်ပါတယ်။

အစဉ်အလာအားဖြင့် ရှမ်းပြည်မြောက်ပိုင်းမှာ အခြေစိုက်တဲ့ ပလောင်တပ်ဖွဲ့နဲ့ ရှမ်းလက်နက်ကိုင်လှုပ်ရှားမှု ခေတ်ဦးကတည်းက ရှိလာခဲ့တဲ့ SSPP/SSA တို့ဟာ ခေတ်အဆက်ဆက် နယ်မြေချင်း ထိစပ်နေတဲ့ မဟာမိတ်အဖွဲ့တွေဖြစ်ပြီး ရှမ်းလက်နက်ကိုင်လှုပ်ရှားမှု စတင်တဲ့ ၁၉၆၀ ကာလတဝိုက်မှာ တအာင်းပလောင်တွေဟာ ရှမ်းလက်နက်ကိုင်တွေဘက်က ပူးပေါင်းပါဝင်ခဲ့တာဖြစ်ပါတယ်။

တအာင်းပလောင်အဖွဲ့ဘက်ကတော့ နမ္မတူမြို့နယ်ထဲမှာ တပ်မတော်နဲ့ တအာင်းပလောင် တပ်ဖွဲ့တို့အကြား ဒီဇင်ဘာလ ၆ ရက်နေ့က တိုက်ပွဲဖြစ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

BBC Burmese
http://www.bbc.com/burmese
FPNCC အဖွဲ့ဝင်တွေဖြစ်တဲ့ တအာင်းပလောင်နဲ့ SSPP/SSA တို့ တိုက်ပွဲဖြစ် FPNCC အဖွဲ့ဝင်တွေဖြစ်တဲ့ တအာင်းပလောင်နဲ့ SSPP/SSA တို့ တိုက်ပွဲဖြစ် Reviewed by THITHTOOLWIN on 16:28 Rating: 5
Powered by Blogger.