မြို့နယ် ၁၁ မြို့နယ်မှာ စက်မှုဇုန်တွေ အကောင်အထည်ဖော်မည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြေယာတချို့ကို တွေ့ရစဉ် / Photo: Tun Myint/ RFA
ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် ၁၁ မြို့နယ်မှာ စက်မှုဇုန်တွေ အကောင်အထည်ဖော်ဖို့ စီစဉ်နေကြောင်း တိုင်းအစိုးရအဖွဲ့က မနေ့က တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံစဉ် ပြောကြားလိုက်ပါတယ်။

မြို့နေလူတန်းစားနဲ့ တောနေလူတန်းစား မျှတမှုရှိအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စက်မှုဇုန်တွေ အကောင်အထည် ဖော်သွားမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောကြောင်း မနေ့က တွေ့ဆုံပွဲမှာ ပါဝင်ခဲ့တဲ့ သုံးခွမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးနေ၀င်း က ပြောပါတယ်။

"တောမှာရှိတဲ့ လူတန်းစားနဲ့ မြို့မှာရှိတဲ့လူတန်းစားနဲ့ ညီမျှဖို့အတွက် စက်မှုဇုန်တွေ ဖော်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်ပေါ့လေ၊ စက်မှုဇုန်က ရိုးရိုးသာမန်စက်မှုဇုန်မဟုတ်ဘူး၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်ရမှာ ဖြစ်တယ်၊ ဒါမှသာလျှင် အခွန်အခလည်း တို့က ရမယ်၊ လူတွေကလည်း ရန်ကုန်မြို့ကို သွားပြီး အလုပ်လုပ် စရာမလိုတော့ဘူး၊ တို့မြို့နယ်မှာတင်အလုပ်လုပ်လို့ရပြီ၊ အဲလို မလိုတော့ဘူးဆိုရင် ရန်ကုန်မြို့ကြီးရဲ့ ပျက်စီးမှု၊ သိပ်သည်းမှုကိုလည်း လျှော့ချလို့ရပြီ၊ လမ်းတွေသိပ်သည်းမှုကိုလည်း လျှော့ချလို့ရပြီ၊ အင်မတန် ကောင်းတဲ့ အလုပ်ပဲ၊ အဲဒါကြောင့် စက်မှုဇုန်တွေကို ၀န်ကြီးချုပ်ကြီးက ဖော်ဆောင်တယ်လို့ အစ်ကိုတို့က ထင်တယ်"

ရန်ကုန်တိုင်းဝန်ကြီးချုပ်က မြို့နယ် ၁၁ မြို့နယ်ရဲ့ မြေဧက တစ်ထောင်စီမှာ စက်မှုဇုန်တွေ တည်ထောင်မှာဖြစ်ပြီး အဲဒီအစီအစဉ်ကို တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေ၊ အထွေထွေအုပ်ချုပ်ရေးနဲ့ စည်ပင်သာယာရေး တာဝန်ရှိသူတွေကို တိုင်းအစိုးရအဖွဲ့ရုံးမှာ မနေ့က ခေါ်ယူတွေ့ဆုံစဉ် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ခရမ်း၊ သုံးခွ၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ တွံတေး၊ သန်လျင်၊ ကျောက်တန်း၊ တိုက်ကြီး၊ မှော်ဘီ၊ ထန်းတပင် နဲ့ လှည်းကူး စတဲ့မြို့နယ် ၁၁ မြို့နယ်မှာ စက်မှုဇုန်တွေ အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။

စက်မှုဇုန်တွေကနေ ရရှိလာမယ့် အခွန်အခတွေကို သက်ဆိုင်ရာ မြို့နယ်ရဲ့ လိုအပ်တဲ့နေရာတွေမှာ ပြန်လည် အသုံးပြုမှာဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ်တွေ က ပြောပါတယ်။

အဲဒီစက်မှုဇုန်တွေအတွက် စိုက်ပျိုးရေးဖြစ်ထွန်းမှုနည်းပါးတဲ့နေရာ၊ ရေ နဲ့ လျှပ်စစ်မီးရရှိပြီး ဆက်သွယ်ရေး ကောင်းမယ့်နေရာ စတဲ့အချက်တွေနဲ့ ကိုက်ညီတဲ့ မြေဧက ၁ ထောင်စီကို မြို့နယ်တိုင်းက ရှာဖွေပြီး တိုင်းအစိုးရအဖွဲ့ကို ပြန်လည်တင်ပြပေးရမှာ ဖြစ်ပါတယ်။

အဲဒီအချက်တွေနဲ့ ကိုက်ညီတဲ့နေရာမှာ မြေပိုင်ရှင်ရှိနေမယ်ဆိုရင် မြေဧကအလိုက် အစိုးရက သတ်မှတ်ထားတဲ့ တန်ကြေး ပေးမှာဖြစ်တယ်လို့ ဦးနေ၀င်း က ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
မြို့နယ် ၁၁ မြို့နယ်မှာ စက်မှုဇုန်တွေ အကောင်အထည်ဖော်မည် မြို့နယ် ၁၁ မြို့နယ်မှာ စက်မှုဇုန်တွေ အကောင်အထည်ဖော်မည် Reviewed by THITHTOOLWIN on 19:55 Rating: 5
Powered by Blogger.