ဓနုဖြူမြို့မှ သမီးအရင်းနှင့် တူအရင်းကို နှိပ်စက်သူ ရဲလေးအား ကလေးသူငယ်ဥပဒေဖြင့် အမှုဖွင့်အရေးယူထား


ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့(၁၀)ရပ်ကွက် နန်းတော်ကုန်းအုပ်စုအတွင်း နေထိုင်သည့် (၁၀)နှစ်အရွယ် သမီးအရင်းနှင့် (၈)နှစ်အရွယ်တူအရင်းကို နှိပ်စက်ညှဉ်းပန်းခဲ့သည့် ရဲလေးဆိုသူအား ကလေးသူငယ် ဥပဒေ ပုဒ်မ ၆၆(ဂ)ဖြင့် အမှုဖွင့်ဖမ်းဆီး အရေးယူထားကြောင်း တိုင်းဒေသကြီးကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီမှ သိရှိရသည်။

အဆိုပါ ရဲလေးဆိုသူအား ဧရာဝတီတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီဌာနမှ အမှုဖွင့်၍ ဓနုဖြူရဲစခန်းမှ ဖမ်းဆီးအ ရေးယူထားသည့်အတွက် ၎င်းနှင့်အတူနေထိုင်ကာ နှိပ်စက်ခံခဲ့ရသည့် ကလေးငယ်နှစ်ဦးအား ပုသိမ်မြို့ရှိ ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးဂေဟာသို့ ခေါ်ဆောင်ပြုစုစောင့်ရှောက်ထားကြောင်း တိုင်းဒေသကြီး ကလေး သူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဝင် ဦးမြင့်ဌေးထံမှ သိရသည်။
“အွန်လိုင်းမှာ ဒီအဖြစ်အပျက်ကိုတွေ့တော့ လူမှုဝန်ထမ်းဌာနနဲ့ ကျွန်တော်တို့ကော်မတီညှိပြီး ညတွင်းချင်း ဓနုဖြူ ကိုဆင်းသွားပြီး အမှုဖွင့်တော့ ရဲလေးကိုဖမ်းရင် ကလေးနှစ်ယောက်လည်း မိဘမဲ့ မယ် အုပ်ထိန်းသူ မဲ့လိမ့်မယ်ဆိုပြီး ကားနဲ့ဒီကိုပြန်ခေါ်လာပြီး ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးဂေဟာမှာ ထားပါတယ်။”ဟု ဧရာဝတီတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင် ဦးမြင့်ဌေးက ပြောသည်။


ရဲလေးဆိုသူမှာ နိုဝင်ဘာလအတွင်း သမီးအရင်းဖြစ်သူအား ရေနွေးပူဖြင့် လောင်းနှိပ်စက်ခဲ့ပြီး တူဖြစ်သူကို လည်း ရေနစ်ပြီး ညှဉ်းပန်းနှိပ်စက်ခြင်းများ လုပ်ဆောင်နေကြောင်း ဒီဇင်ဘာလ ဒုတိယပတ်အတွင်းမှ စတင်၍ လူမှုကွန်ရက်စာမျက်နှာများပေါ်များတွင် ပုံများနှင့်တကွ ရေးသားဖော်ပြမှုများ ပျံ့နှံခဲ့ခြင်းဖြစ်သည်။

ပြစ်မှုကျူးလွန်သူ ရဲလေးအား ကလေးသူငယ်များကို လူမဆန်စွာညှင်းပန်းနှိပ်စက်မှုအပြင် ဓနုဖြူမြို့မ စခန်းမှူးမှ တရားလိုလုပ်ပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၂၅၊ ၃၄၂၊ တုံးသောလက်နက်ဖြင့် သာမန်နာကျင်စေမှု ပုဒ်မ ၅၀၆ ရာဇဝတ်မကင်းသောခြိမ်းခြောက်မှုများနှင့် ထပ်မံအရေးယူထားကြောင်း ဓနုဖြူမြို့မ ရဲစခန်းမှ သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ဓနုဖြူမြို့မှ သမီးအရင်းနှင့် တူအရင်းကို နှိပ်စက်သူ ရဲလေးအား ကလေးသူငယ်ဥပဒေဖြင့် အမှုဖွင့်အရေးယူထား ဓနုဖြူမြို့မှ သမီးအရင်းနှင့် တူအရင်းကို နှိပ်စက်သူ ရဲလေးအား ကလေးသူငယ်ဥပဒေဖြင့် အမှုဖွင့်အရေးယူထား Reviewed by THITHTOOLWIN on 19:12 Rating: 5
Powered by Blogger.