သမတစာနီ ခိုးယူငွေတချို့ နိုင်ဂျီးရီးယား ပြန်ရပြီ


နိုင်ဂျီးရီးယားနိုင်ငံ သမတဟောင်း Sani Abacha စာနီ အဘာချာ မိသားစု အပ်နှံထားခဲ့တဲ့ အမေရိကန်ဒေါ်လာ ၃၂၁ သန်းကို နိုင်ဂျီးရီးယားနိုင်ငံ ပြန်လည်ပေးအပ်မယ်လို့ ဆွစ်ဇာလန်အစိုးရက ကြေညာလိုက်ပါတယ်။

၁၉၉၃ ကနေ ၁၉၉၈ ခုနှစ်အထိ သမတဟောင်း စာနီ အုပ်ချုပ်တဲ့ ၅ နှစ်ကာလအတွင်း သူ့မိသားစုဟာ နိုင်ငံပိုင်ငွေ ဒေါ်လာ သန်း လေးထောင်ကျော်ကို မတရားရယူခဲ့ကြတယ်လို့ ဆိုပါတယ်။

ဆွစ်ဇာလန်အစိုးရရဲ့ တနင်္လာနေ့ ကြေညာချက်မှာ ငွေတွေပြန်လွဲဖို့်အတွက် နိုင်ဂျီးရီးယားအစိုးရနဲ့ရော ကမ္ဘာ့ဘဏ်နဲ့ပါ သဘောတူခဲ့ပြီလို့ ဖေါ်ပြထားပါတယ်။ ဆွစ်ဇာလန်အစိုးရအနေနဲ့ အခုအချိန်အထိ စာနီ အဘာချာ မတရားရယူအပ်နှံထားခဲ့တဲ့ ဒေါ်လာ သန်း ၇ဝဝ ခန့်ကို ပြန်လည်ဖေါ်ထုတ် ရယူနိုင်ခဲ့ပြီးပါပြီ။

နိုင်ဂျီးရီးယား အစိုးရဟာ အမေရိကန်ပြည်ထောင်စုမှာ စာနီ အဘာချာ မိသားစုလာရောက်အပ်နှံထားတဲ့ ဒေါ်လာ သန်း ၄၈ဝ ကိုလည်း ပြန်လည်ရရှိဖို့လည်း လုပ်ဆောင်နေပါတယ်။ ဥပဒေလုပ်ငန်းစဉ်တွေပြီးပြတ်ဖို့ပဲ ကျန်တော့တယ်လို့ ဆိုပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံအနေနဲ့ ၁၉၆ဝ ကနေ ၁၉၉၉ ခုနှစ်အတွင်း အစိုးရအဆက်ဆက် အကျင့်ပျက်ခြစားမှုတွေ ကြောင့် ပြည်သူပိုင်ငွေ ဘီလီယံ ၄ဝဝ ခန့် ဆုံးရှုံးခဲ့တယ်လို့ ကုလသမဂ္ဂ မူးယစ်နဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေးအဖွဲ့ UNODC က ထုတ်ပြန်ထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
သမတစာနီ ခိုးယူငွေတချို့ နိုင်ဂျီးရီးယား ပြန်ရပြီ သမတစာနီ ခိုးယူငွေတချို့ နိုင်ဂျီးရီးယား ပြန်ရပြီ Reviewed by THITHTOOLWIN on 08:02 Rating: 5
Powered by Blogger.