ဒုက္ခသည်တွေကို ရိုဟင်ဂျာတွေအဖြစ် ပုပ်ရဟန်းမင်းကြီး ခေါ်ဝေါ်

ဒုက္ခသည်တွေကို ရိုဟင်ဂျာတွေအဖြစ် ပုပ်ရဟန်းမင်းကြီး ခေါ်ဝေါ်
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ရခိုင်ပြည်နယ်က ထွက်ပြေးရောက်ရှိနေတဲ့ မွတ်ဆလင်ဒုက္ခသည်တွေကို ရိုဟင်ဂျာတွေအဖြစ် မနေ့က ခေါ်ဝေါ်သုံးစွဲလိုက်ပါတယ်။ ဒုက္ခသည်တချို့နဲ့ ဒါကာမြို့မှာ မနေ့က တွေ့ဆုံစဉ် သူက အခုလို သုံးနှုန်းပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒုက္ခသည်တွေ ရခိုင်ပြည်နယ်မှာ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို ပုပ်ရဟန်းမင်းကြီးက နားထောင်ပြီးနောက် သင်တို့အတွက် အကျွန်နုပ်တို့ အများကြီးကူညီနိုင်ကောင်းမှ ကူညီနိုင်မှာဖြစ်ပေမယ့် သင်တို့ရဲ့ကြေကွဲဖွယ်ရာအဖြစ်ဆိုးတွေကတော့ အကျွန်နုပ်တို့ရဲ့ နှလုံးသားတွေမှာ ထင်ကျန်ရစ်ခဲ့ပြီ ဖြစ်တယ်လို့ မိန့်ကြားပါတယ်။ တဆက်တည်းမှာပဲ သင်တို့ကို ရက်စက်စွာ နှိပ်စက်ညှင်းပန်းခဲ့ကြတဲ့ ဒီကမ္ဘာမြေပေါ်က အကြင်နာတရားကင်းမဲ့သူတွေကို ခွင့်လွတ်လိုက်ကြပါလို့လည်း ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ ကော့ဇ်ဘဇားဒေသ ဒုက္ခသည်စခန်းတွေကနေ ဒါကာမြို့ကိုလာရောက်ခဲ့တဲ့ ရိုဟင်ဂျာ အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၂ ဦးနဲ့ မိန်းကလေးငယ် ၂ ဦး စုစုပေါင်း ၁၆ ဦးကို သောကြာနေ့ညနေပိုင်းက တွေ့ဆုံခဲ့ပါတယ်။ အဲဒီ ဒုက္ခသည်တွေက သူတို့ကို ရိုဟင်ဂျာလူမျိုးတွေအဖြစ် အသိအမှတ်ပြုခေါ်ဆိုဖို့ ပုပ်ရဟန်းမင်းကြီးကို တိုက်တွန်းပန်ကြားခဲ့ကြပြီးနောက်မှာ သူက ဘုရားသခင် ရှေ့မှောက် ဒီကနေ့ ရောက်ရှိလာသူတွေကို ရိုဟင်ဂျာလို့လည်း ခေါ်ဆိုကြောင်း မိန့်ကြားခဲ့တာပါ။

ဒုက္ခသည်တယောက်ချင်းကို ပုပ်ရဟန်းမင်းကြီးက တွေ့ဆုံနုတ်ဆက်ရင်း သူတို့အတွက် တတ်နိုင်သမျကူညီမှာ ဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် အဲဒီ ဒုက္ခသည်တွေကို တတ်နိုင်သမျှဆက်လက်ကူညီကြဖို့လည်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေ နဲ့ တခြားနိုင်ငံတွေကို သူက တိုက်တွန်းပြောကြားပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ မတွေ့ဆုံခင် မနေ့ မနက်ပိုင်းကတော့ ပုပ်ရဟန်းမင်းကြီးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တဝန်းက ဒါကာမြို့ကိုလာရောက်ခဲ့ကြတဲ့ ကက်သလစ်ဘာသာဝင် ၁ သိန်းခန့်နဲ့အတူ ဆုတောင်းပွဲ ကျင်းပခဲ့ရာမှာ အစိုးရက လုံခြုံရေးတပ်ဖွဲ့ဝင် ၄ ထောင်ခန့် ချထားခဲ့ပါတယ်။ မွတ်ဆလင် အများစုနေထိုင်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တခြား ဘာသာဝင်လူနည်းစုတွေကို အစွန်းရောက်တွေက မကြာခဏ အကြမ်းဖက်သတ်ဖြတ်လေ့ ရှိပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ဒုက္ခသည်တွေကို ရိုဟင်ဂျာတွေအဖြစ် ပုပ်ရဟန်းမင်းကြီး ခေါ်ဝေါ် ဒုက္ခသည်တွေကို ရိုဟင်ဂျာတွေအဖြစ် ပုပ်ရဟန်းမင်းကြီး ခေါ်ဝေါ် Reviewed by THITHTOOLWIN on 08:44 Rating: 5
Powered by Blogger.