လိုင်ဇာအနား လက်နက်ကြီးကျ၊ စစ်ရေးအရှိန်မြင့်လာနိုင်

လိုင်ဇာမြို့ထဲ ကင်းလှည့်နေတဲ့ ကေအိုင်အေစစ်သားများ တွေ့ရစဉ်
ကချင်လွတ်လပ်ရေးတပ်ဖွဲ့ ကေအိုင်အိုဌာနချုပ်ဖြစ်တဲ့ လိုင်ဇာမြို့အနီးမှာ အစိုးရတပ်က ဒီဇင်ဘာလ ၁၅ ရက်နေ့မနက်မှာ လက်နက်ကြီးနဲ့ ပစ်ချလို့ ဒေသခံတွ ကြောက်လန့်နေတယ်လို့ သိရပါတယ်။

တနိုင်းမြို့နယ်အပါအဝင် ကေအိုင်အေထိန်းချုပ်နယ်မြေတချို့မှာ အခုရက်ပိုင်း တပ်မတော်က စစ်ရေးလှုပ်ရှားမှုတွေပိုမိုလုပ်ဆောင်လာတဲ့အပြင် တပ်အင်အားတွေ လည်း တိုးချဲ့ပို့ထားတဲ့အတွက် စစ်ရေးအရှိန်မြင့်လာနိုင်တယ် လို့လည်းကေအိုင်အို သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က ဘီဘီစီကို ပြောပါတယ်။

"ဒီမနက် ရှစ်နာရီကျော်လောက်မှာ တပ်မတော်က လိုင်ဇာအနီးမှာ လက်နက်ကြီးနဲ့ ပစ်တယ်။ ရွာနားမှာကျတယ်ဆိုတော့ ပြည်သူလူထုတွေ နည်းနည်းလန့်သွားတယ်။ ကေအိုင်အိုတပ်စခန်းကို ပစ်တာနေမှာပါ။ ဒါပေမယ့် နည်းနည်းကျော်သွားတယ်။ ဌာနချုပ်ကို ငြိမ်းခြောက်တဲ့သဘောနေမှာပါ" လို့ ဗိုလ်မှူးကြီးနော်ဘူ က ပြောပါတယ်။

ဒီတပတ်အစောပိုင်းမှာ တနိုင်းမြို့နယ်ရှိ ကေအိုင်အေတပ်မဟာ ၂ ထိန်းချုပ်နယ်မြေ တချို့မှာ မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေးတွေလုပ်လာပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်အစပ်ရှိ ဆက်သွယ်ရေးလမ်း ကြောင်း တချို့ကို စစ်ဆင်ရေးလုပ်မယ်လို့ သတင်းတွေရရှိပါတယ်။ ပူတာအို ဒေသဘက်မှာလည်း လက်နက်ခဲယမ်း၊ တပ်သားနဲ့ စစ်ကားများကိုလည်း ပို့ထားတယ်လို့ သတင်းရရှိကြောင်း ဗိုလ်မှူးကြီးနော်ဘူ က ပြောပါတယ်။

နိုင်ငံရေးအရ သုံးသပ်ကြည့်မယ်ဆိုရင်တော့ သိပ်မကြာခင်မှာ ၂၁ ရာစုပင်လုံ ညီလာခံလုပ်မယ်လို့ သူတို့ပြောထားတာကိုး။ ဆိုတော့ ကေအိုင်အိုကို NCA (တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးလက်မှတ်) ထိုးဖို့ ဖိအားပေးတဲ့ ပုံစံမျိုးနဲ့လည်း ခြိမ်းခြောက်နိုင်တယ်လို့ ဗိုလ်မှူးကြီး နော်ဘူ က သုံးသပ်ပါတယ်။

လိုင်ဇာမြို့နားက လက်နက်ကြီး ပစ်ချတဲ့သတင်းနဲ့ ပတ်သက်လို့ စစ်တပ်ဘက်ကတော့ သတင်းထုတ်ပြန်ထားတာ မရှိသေးပါ။

၂၀၁၁ ခုနှစ်ကတည်းက ကေအိုင်အိုနဲ့ တပ်မတော်ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ ဒေသခံပြည်သူတွေ အိုးအိမ်စွန့်ထွက်ပြေးရပါတယ်။ စစ်ပြေးဒုက္ခသည်တသိန်း ကျော်ဟာ အခုချိန်ထိ အိမ်မပြန်နိုင်ကြသေးပဲ သက်ဆိုင်ရာဒုက္ခသည်စခန်းအသီးသီး မှာ နေထိုင်ကြပါတယ်။

BBC Burmese
http://www.bbc.com/burmese
လိုင်ဇာအနား လက်နက်ကြီးကျ၊ စစ်ရေးအရှိန်မြင့်လာနိုင် လိုင်ဇာအနား လက်နက်ကြီးကျ၊ စစ်ရေးအရှိန်မြင့်လာနိုင် Reviewed by THITHTOOLWIN on 18:42 Rating: 5
Powered by Blogger.