ထွေအုပ်ခွင့်ပြုချက်မပါဘဲ စည်းဝေးဟောပြောတာမလုပ်ဖို့ ၀တ်ကြီးကျေးရွာအုပ်စုအတွင်း စာထုတ်

ဘားအံမြို့နယ် ၀တ်ကြီးကျေးရွာအုပ်စုအနီးမှာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ မဆောက်ဖို့ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့က ဟောပြောပွဲ ကျင်းပနေစဉ်/ Photo: Kyaw Lwin Oo/ RFA
ကရင်ပြည်နယ် ဘားအံမြို့နယ်က ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဆောက်လုပ်ဖို့လျာထားတဲ့ ဝတ်ကြီးကျေးရွာအုပ်စုအတွင်း NGO ၊ INGO နဲ့ အရပ်ဖက်အဖွဲတွေအနေနဲ့ မြိုနယ်ထွေအုပ်ရုံးရဲ့ ခွင့်ပြုချက်မပါရှိဘဲ စည်းဝေးဟောပြောတာနဲ့ တွေ့ဆုံပွဲအခမ်းအနားတွေ မပြုလုပ်ဖို့ ဝတ်ကြီးကျေးရွာအုပ်ချုပ်ရေးမှူးက ပြီးခဲ့တဲ့ရက်ပိုင်း က ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။

အစိုးရမှာ မှတ်ပုံတင်ထားတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ မြို့နယ်အတွင်း လှုပ်ရှားဆောင်ရွက်မယ်ဆိုရင် ခွင့်ပြုချက်ယူရမယ်ဆိုတဲ့ လုပ်ထုံးလုပ်နည်းအတိုင်းလုပ်ဖို့ ညွှန်ကြားခိုင်းတာဖြစ်တယ်လို့ ဘားအံမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်း က ပြောပါတယ်။

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ညွန်ကြားချက်နဲ့ စာထုတ်ပြန်တာလို့ ၀တ်ကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးနေဦးက ပြောပါတယ်။

ပြီးခဲ့တဲ့လပိုင်းအတွင်း ၀တ်ကြီးကျေးရွာအုပ်စုအတွင်း အရပ်ဖက်အဖွဲ့တွေက ကျောက်မီးသွေးကောင်းကျိုး ဆိုးကျိုး  အသိပညာပေး ဟောပြောတာတွေ ဆောင်ရွက်ခဲ့တာတွေရှိသလို တည်ဆဲဥပဒေတွေမှာ ရင်းနှီးမြှုပ်နှံသူတွေ လိုက်နာရမယ့်စည်းကမ်းတွေအကြောင်း ဒေသခံတွေကို အသိပညာပေးတာတွေရှိခဲ့ပါတယ်။

အရပ်ဖက်အဖွဲ့တွေအနေနဲ့ ဒေသခံတွေရဲ့ ဖိတ်ကြားချက်အရသွားရောက်တာ၊ EITI စံချိန်စံညွှန်းအတိုင်း လွတ်လပ်စွာ သွားရောက်ဟောပြောတာဖြစ်တဲ့အတွက် နိုင်ငံတကာ NGO တွေလို ခွင့်ပြုချက်ယူတာမရှိခဲ့ဘူးလို့ ကရင်မြစ်ချောင်းစောင့်ကြည်ရေးကွန်ရက်က ကိုစောသာဘိုးက ပြောပါတယ်။

ဝတ်ကြီးကျေးရွာအုပ်စုဟာ တိုယိုထိုင်းကုမ္ပဏီက တည်ဆောက်မယ့် ၁၂၈၀ မဂ္ဂဝပ်ထွက်ရှိမယ့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်မယ့်နေရာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ထွေအုပ်ခွင့်ပြုချက်မပါဘဲ စည်းဝေးဟောပြောတာမလုပ်ဖို့ ၀တ်ကြီးကျေးရွာအုပ်စုအတွင်း စာထုတ် ထွေအုပ်ခွင့်ပြုချက်မပါဘဲ စည်းဝေးဟောပြောတာမလုပ်ဖို့ ၀တ်ကြီးကျေးရွာအုပ်စုအတွင်း စာထုတ် Reviewed by THITHTOOLWIN on 18:45 Rating: 5
Powered by Blogger.