အငှားယာဉ်မောင်းအား ဓားဖြင့် ရန်ပြုတိုက်ခိုက်သူ နှစ်ဦးအား ဖမ်းဆီးရမိ

ရန်ကုန်၊ ဒီဇင်ဘာ ၅

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက် ၄ နာရီခွဲအချိန်တွင် မြောက်ဥက္ကလာပမြို့နယ်မှာ အငှားယာဉ်တစ်စီးအား လူငယ်သုံးဦးမှ ငှားရမ်းပြီး မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့ရှောင်လမ်းအရောက် ယာဉ်မောင်းအား ဓားဖြင့် ရန်ပြုတိုက်ခိုက်ခံရသည့်အမှုမှ ပြစ်မှုကျူးလွန်သူနှစ်ဦးအား ဖမ်းဆီးရမိ အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

ဖြစ်စဉ်မှာ အငှားယာဉ်မောင်းဖြစ်သူ ကို---- သည် ၎င်းမောင်းနှင်းသည့် ယာဉ်အမှတ် 2J------ PROBOX SUCCEED ယာဉ်ဖြင့် မြောက်ဥက္ကလာပမြို့နယ်၊ (ည)ရပ်ကွက်၊ ဘုမ္မာလမ်းထိပ်အရောက်၌ လူငယ်သုံးဦးမှ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့ရှောင်လမ်းသို့ သွားရောက်ရန် ငွေကျပ်(၈၀၀၀)ဖြင့် ငှားရမ်း၍ လိုက်ပါပို့ဆောင်ပေးခဲ့ကြောင်း၊ နံနက် ၅ နာရီအချိန်ခန့်တွင် ထောက်ကြန့်မြို့ရှောင်လမ်းအရောက် မော်တော်ယာဉ်၏ နောက်ခန်း၌ လိုက်က်ပါစီနင်းလာသူ အမျိုးသားမှ ၎င်းအားဓားဖြင့် ဆွဲခြစ်စဉ် အဆိုပါဓားအား ဆုပ်ကိုင်ထားပြီး ပြန်လည်ခုခံရာ မော်တော်ယာဉ်နောက်ခန်း၌ လိုက်ပါလာသူ လူငယ်အမျိုးသားနှစ်ဦးနှင့် ယာဉ်၏ရှေ့ခန်းတွင် လိုက်ပါလာသူတို့ ထွက်ပြေးသွားခဲ့ကြောင်းနှင့် ယင်းသို့ပြုလုပ်ခံရသူယာဉ်မောင်းမှာ လည်ပင်နှင့် ၀ဲလက်ဖ၀ါးတို့တွင် ပြတ်ရှဒဏ်ရာများ ရရှိခဲ့သဖြင့် အင်းစိန်ဆေးရုံတွင် ပြင်ပလူနာအဖြစ်ကုသခဲ့ရကြောင်း တိုင်တန်းချက်အရ ထောက်ကြန့်နယ်မြေရဲစခန်း (ပ) ၁၂၄၄/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၂၄ ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးစုံစမ်း ဆောင်ရွက်ခဲ့သည်။

အမှုနှင့် ပတ်သက်၍ အခင်းဖြစ်စဉ်အား အသေးစိတ်စစ်ဆေးခဲ့ရာ အဆိုပါယာဉ်ပေါ်၌ ပြစ်မှုကျူးလွန်သူများ အသုံးပြုသည့် လက်ကိုင်ဖုန်း(၁)လုံးကျန်ရှိခဲ့ကြောင်း စိစစ်သိရှိရသဖြင့် စုံစမ်းဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူများမှာ မျိုးနိုင်နှင့် ကိုရှိုင်းတို့ဖြစ်ကြောင်းသိရှိခဲ့ရပြီး ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ၃၀.၁၁. ၂၀၁၇ ရက်နေ့၌ ပြစ်မှုကျူးလွန်သူ စောတင်မောင်(ခ)ကိုရှိုင်း (၂၃)နှစ်ကို လှိုင်သာယာမြို့နယ်၊ (၂)ရပ်ကွက်ရှိ ၎င်း၏နေအိမ်မှ နံနက် ၆ နာရီအချိန်တွင် ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူအားစစ်ဆေးရာ အဆိုပါအမှုအား ၀တုတ်(ခ)ဇေယျာထွန်း၊ မျိုးနိုင်တို့နှင့်အတူ ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်းပေါ်ပေါက်ချက်အရ လွတ်မြောက်နေသူများအား ဖမ်းဆီးရမိဆောင်ရွက်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းဖော်ထုတ်ရေးရဲတပ်ဖွဲ့ဝင်များက ဒီဇင်ဘာလ ၂ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်တွင် ၀တုတ်(ခ) ဇေယျာထွန်းအား သန်လျင်မြို့နယ်၊ တာဝကျေးရွာ၊ စင်္ကာပူလမ်းထိပ်မှ ဖမ်းဆီးရမိခဲ့သည်။

အမှုမှ စောတင်မောင်(ခ) ကိုရှိုင်း၊ ၀တုတ်(ခ)ဇေယျာထွန်းတို့နှစ်ဦးအား အမှုဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ဆေးရာ စောတင်မောင်(ခ) ကိုရှိုင်းထံ ၂၄.၁၁.၂၀၁၇ ရက်နေ့ ညနေ ၇ နာရီအချိန်ခန့်တွင် သူငယ်ချင်းဖြစ်သူ မျိုးနိုင်မှ ငွေကြေးအခက်ခဲရှိသဖြင့် လုယက်မှုကျူးလွန်ရန် တိုင်ပင်ပြောဆိုခဲ့ကြောင်း၊ ၂၆.၁၁.၂၀၁၇ ရက်နေ့ နံနက် ၄ နာရီအချိန်တွင် (ည)ရပ်ကွက်၊ ဘုမ္မာလမ်းထိပ်တွင် လုယက်မှုကျူးလွန်ရန်အတွက် ၎င်းတို့အတူ 2J------ PROBOX SUCCEED အငှားယာဉ်အား ထောက်ကြန့် မြို့နယ်ဘက်သို့ ငှားရမ်းခဲ့ပြီး ပြစ်မှုကျူးလွန်ခဲ့ကြ ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

ပေါ်ပေါက်ချက်အရ ၀တုတ်(ခ)ဇေယျာထွန်းနှင့် စောတင်မောင်(ခ)ကိုရှိုင်းတို့အား အမှုဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိပြီး ပြစ်မှုကျူးလွန်ရာတွင်ပါဝင်၍ လွတ်မြောက်နေသူ မျိုးနိုင်အား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပြစ်မှုကျူးလွန်သူများကို ဥပဒေနှင့်အညီဆက်လက်
အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
အငှားယာဉ်မောင်းအား ဓားဖြင့် ရန်ပြုတိုက်ခိုက်သူ နှစ်ဦးအား ဖမ်းဆီးရမိ အငှားယာဉ်မောင်းအား ဓားဖြင့် ရန်ပြုတိုက်ခိုက်သူ နှစ်ဦးအား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 17:28 Rating: 5
Powered by Blogger.