မစ္စယန်ဟီးလီကို မြန်မာအစိုးရက ပြည်ဝင်ခွင့်ပိတ်ပင်မှု ရခိုင်တို့ကြိုဆို

ဓာတ်ပုံ - ရခိုင်ခရီးစဉ်တစ်ခုအတွင်း တွေ့ရသည့် မစ္စယမ်ဟီးလီအား တွေ့ရစဉ်။ Photo by - Narinjara
စစ်တွေ၊ ဒီဇင်ဘာ ၂ဝ

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ (Yanghee Lee)ကို မြန်မာအစိုးရက ပြည်ဝင်ခွင့်ပိတ်ပင်မှုအပေါ် ရခိုင်တို့က ကြိုဆို ထောက်ခံလိုက်သည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးသူ မစ္စယန်ဟီးလီကို မြန်မာနိုင်ငံ ၀င်ခွင့်ပေးရန်နှင့် ပူးပေါင်းဆောင်ရွက်ရန်ကို မြန်မာအစိုးရက ငြင်းဆန်ခဲ့သည်။

သို့အတွက် မစ္စယန်ဟီးလီအနေဖြင့် လာမည့် ဇန်န၀ါရီလတွင် မြန်မာနိုင်ငံသို့ လာရောက်ပြီး လူ့အခွင့်အရေး အခြေအနေများကို စုံစမ်းစစ်ဆေးနိုင်တော့မည် မဟုတ်တော့ဟု သိရသည်။

ထိုသို့ မြန်မာနိုင်ငံသို့ လာရောက်ခွင့်ကို မြန်မာအစိုးရမှ ခွင့်ပြုမည် မဟုတ်ကြောင်းကို မြန်မာအာဏာပိုင်များမှ သူမထံသို့ အကြောင်းကြားခဲ့သည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးသူ မစ္စယန်ဟီးလီက ယနေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီသို့ ဆက်သွယ်မေးမြန်းရာ ပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်မှ ပြည်ဝင်ခွင့် ပိတ်ပင်လိုက်ခြင်းကို ကြိုဆိုကြောင်း ပြောကြားသည်။

"ယန်ဟီးလီရဲ့ ကုလသမဂ္ဂမှာ အစီရင်ခံရေးသားရာမှာ ဘင်္ဂါလီတွေကို သာသာထိုးထိုးနဲ့ အထူး စုံစမ်းရေးသားပြီးတော့ ရခိုင်တိုင်းရင်းသားမျိုးနွယ်တွေရဲ့ နစ်နာချက်တွေနဲ့ ခံစားချက်တွေကို ကျတော့ လုံးဝ မပါသလောက်ပါဘဲ။ ဒီလို အစီရင်ခံကို အမြဲတမ်း ရေးနေတာ ရှိနေတဲ့အတွက် ဒီအမျိုးသမီးဟာ မျှတမှုမရှိ၊ ဘက်လိုက်တတ်တဲ့ အမျိုးသမီး တစ်ယောက်ဖြစ်တယ်လို့ ကျနော်တို့ အစကတည်းက ပြောထားခဲ့တယ်။ ဒါကြောင့် ဒီလိုမမျှတတဲ့ လူ့အခွင့်အရေးအရာရှိတစ်ယောက်ကို မြန်မာအစိုးရအနေနဲ့ အခုလို ပိတ်ပင်လိုက်တာကို ကျနော်တို့က သဘောတူတယ်။ သဘောကျတယ်ပေါ့. "ဟု ရခိုင်အမျိုးသားပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က နိရဉ္စရာသို့ပြောသည်။

မစ္စယန်ဟီးလီသည် ရခိုင်ပြည်နယ် အတွင်း လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများအား ကမ္ဘာ့ကုလသမဂ္ဂသို့ အစီရင်ခံစာ ရေးသားရာ၌ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများအပေါ် အလေးပေး ရေးသားဖော်ပြပြီး ရခိုင်လူထု၏ တင်ပြချက်များကို မျက်ကွယ်ပြုထားသဖြင့် ရခိုင်လူထု၏ ကန့်ကွက်မှုကိုခံနေရသူလည်း ဖြစ်သည်။

သူမအား ယခုကဲ့သို့ ပြည်ဝင်ခွင့်ပိတ်ပင်လိုက်ခြင်းနှင့်ပတ်သက်ပြီး သူမ၏ရခိုင်ခရီးစဉ်များအား တစိုက်မတ်မတ် ကန့်ကွက်ဆန္ဒပြနေသည့် စစ်တွေမြို့ရှိ ရခိုင့်အလင်းတံခါးအဖွဲ့မှ ဥက္ကဋ္ဌ ဒေါ်ကျော့စိန်က "ကျွန်မအမြင်ပြောရမယ်ဆိုရင်တော့ မြန်မာအစိုးရလည်း အမြင်မှန်ရသွားပြီလို့ ပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ယန်ဟီးလီကို နောက်တစ်ခေါက် ပြည်ဝင်ခွင့်ပေးမယ် ဆိုရင် အခြေအနေတွေ ပိုရှုပ်ထွေးလာမယ်။ ပိုဆိုးရွားလာမယ်။ တစ်ဘက်သတ် အစီရင်ခံစာတွေ ဆက်လက် ထွက်ပေါ်လာရင် ရခိုင်ပြည်လည်း ထပ်ပြီး မီးတောက်မယ်လို့မြင်တယ်။ ဒါကြောင့် သူ့ကို ပြည်ဝင်ခွင့်ပိတ်လိုက်တဲ့အတွက် ရခိုင်ပြည်မှာ မီးတစ်မီး ငြိမ်းသွားပြီလို့မြင်တယ်"ဟု နိရဉ္စရာသို့ ပြောသည်။

မစ္စယန်ဟီးလီကမူ မြန်မာအစိုးရ၏ ဆုံးဖြတ်ချက်အပေါ် နားမလည်နိုင်အောင် ဖြစ်ခဲ့ရသလို စိတ်ပျက်မိကြောင်း၊ သူမအား ပြည်ဝင်ခွင့်ပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောဆိုခဲ့သည်။

မစ္စယန်ဟီးလီ၏ ဇူလိုင်လက လာရောက်ခဲ့သည့် မြန်မာနိုင်ငံခရီးစဉ်အပြီး ပြောဆိုခဲ့သည့် မှတ်ချက်များမှာ ဘက်လိုက်ပြီး၊ မျှတမှု မရှိသည့်အတွက် သူမနှင့် မပူးပေါင်းရန်နှင့် ပြည်ဝင်ခွင့်မပေးရန် နောက်ဆုံး ဆုံးဖြတ်ချက်ကို မြန်မာအစိုးရက ချမှတ်ခဲ့ကြောင်း သိရသည်။

တောင်ကိုးရီးယားနိုင်ငံသူတစ်ဦးဖြစ်သည့် မစ္စယမ်ဟီးလီသည် မြန်မာနိုင်ငံဆိုင်ရာ ကုလ သမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် ၂ဝ၁၄ ခုနှစ်တွင် ခန့်အပ်ခြင်း ခံခဲ့ရသူဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်ခံရမှုများနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးရန် ရခိုင်ပြည်နယ်သို့ လေးကြိမ်ထက်မနည်း ရောက်ရှိခဲ့ပြီးသူဖြစ်သည်။

မာန်ယုကျော် (ရွှေဝမြေ)
Narinjara
https://www.facebook.com/Narinjara
မစ္စယန်ဟီးလီကို မြန်မာအစိုးရက ပြည်ဝင်ခွင့်ပိတ်ပင်မှု ရခိုင်တို့ကြိုဆို မစ္စယန်ဟီးလီကို မြန်မာအစိုးရက ပြည်ဝင်ခွင့်ပိတ်ပင်မှု ရခိုင်တို့ကြိုဆို Reviewed by THITHTOOLWIN on 23:09 Rating: 5
Powered by Blogger.