မြောက်ကိုရီးယားနဲ့ အဆက်အသွယ်ဖြတ်ဖို့ အမေရိကန်တိုက်တွန်းချက် ရုရှားပယ်ချ


တိုက်ချင်းပစ်ဒုံးကျည် ပစ်လွှတ်တာကို တုံ့ပြန်တဲ့အနေနဲ့ မြောက်ကိုရီးယားနဲ့ အဆက်အသွယ် ဖြတ်တောက်လိုက်ဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်းတာကို ရုရှားနိုင်ငံက ဒီနေ့ ပယ်ချလိုက်ပါတယ်။

ဒါဟာ အပြုသဘောမဆောင်ဘူးလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergi Lavrov က သတင်းထောက်တွေကို ပြောပါတယ်။ မြောက်ကိုရီးယားအစိုးရကို အမေရိကန်က ဆွပေးဖို့ ကြိုးစားနေတာလို့လည်း စွပ်စွဲလိုက်ပြီး အထီးကျန်မြောက်ကိုရီးယားနိုင်ငံကို ဖျက်ဆီးဖို့ အမေရိကန်က အကွက်ချနေတာ ဟုတ် မဟုတ် သိချင်ပါတယ်လို့လည်းဆိုပါတယ်။

စစ်မက်ဖြစ်ပွားရင် မြောက်ကိုရီးယားဟာ လုံးဝဥသုံ ပျက်သုဉ်းမယ်လို့ အမေရိကန်ပြည်ထောင်စုက မနေ့က သတိပေးပါတယ်။ ဒါ့အပြင် နိုင်ငံတွေအားလုံး မြောက်ကိုရီးယားနဲ့ သံတမန်ဆက်ဆံရေးရော ကုန်သွယ်နေတာပါ ဖြတ်တောက်လိုက်ဖို့ တိုက်တွန်းပါတယ်။

မြောက်ကိုရီးယားဟာ တတိယမြောက် ICBM- တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ် ပစ်လွှတ်လိုက်ပြီးတဲ့နောက် အမေရိကန်က အဲဒီလို ခြိမ်းခြောက်တာပါ။ အမေရိကန်ပြည်ထောင်စုက ဘယ်နေရာကိုမဆို ICBM နဲ့ ပစ်ခတ်နိုင်တယ်လို့ ပြောထားပါတယ်။

မြောက်ကိုရီးယားက ခုလို ဒုံးကျည်ပစ်လွှတ်တာဟာ ရန်စတဲ့လုပ်ရပ်လို့ ရုရှားက မနေ့ကပြောပြီး အားလုံး အေးအေးချမ်းချမ်းရှိကြဖို့ မေတ္တာရပ်ခံလိုက်ပါတယ်။

Photo: AFP
RFA Burmese
https://www.facebook.com/rfaburmese
မြောက်ကိုရီးယားနဲ့ အဆက်အသွယ်ဖြတ်ဖို့ အမေရိကန်တိုက်တွန်းချက် ရုရှားပယ်ချ မြောက်ကိုရီးယားနဲ့ အဆက်အသွယ်ဖြတ်ဖို့ အမေရိကန်တိုက်တွန်းချက် ရုရှားပယ်ချ Reviewed by THITHTOOLWIN on 01:28 Rating: 5
Powered by Blogger.