ပြည် - ပေါက်ခေါင်းကားလမ်းပေါ် ၌ ဆိုင်ကယ်မောင်းနှင်စီးနင်း လာသူနှစ်ဦးအား ဓားဖြင့်ခုတ်ပြီး ဆိုင်ကယ်နှင့်ငွေများလုယက်သူများအား နာရီပိုင်းအတွင်း ဖမ်းဆီးရမိ


ပြည် - ဒီဇင်ဘာ ၁၆

ပြည်မြို့နယ် ပြည် - ပေါက်ခေါင်းကားလမ်းပေါ်တွင် ဆိုင်ကယ် မောင်းနှင်လာသူနှစ်ဦးအား ဓါးဖြင့် ခုတ်ပြီး ဆိုင်ကယ်နှင့်ငွေများ လုယက်မှု ဖြစ်စဉ်တစ်ခု ဒီဇင်ဘာ ၁၄ ရက် နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရပြီး ယင်းအမှုကျူးလွန်သူများကို တာဝန်ရှိသူများက နာရီပိုင်း အတွင်းဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ယင်းနေ့နံနက် ၁ နာရီအချိန်တွင် ပေါက်ခေါင်းမြို့ အမှတ်(၁) ရပ်ကွက်နေထိုင်သူ ဇော်ဖြိုး နှင့် အမှတ်(၁)ရပ်ကွက်နေထိုင်သူ အောင်နိုင်သူ တို့နှစ်ဦးသည် ဆိုင်ကယ်တစ်စီးဖြင့် ပြည်မြို့ မှ ပေါက်ခေါင်းမြို့ သို့ပြန်လာစဉ် ပြည်မြို့နယ် ပေါင်းတလည်နယ်မြေ ရဲစခန်းအပိုင် ပြည် - ပေါက်ခေါင်း ကားလမ်း မိုင်တိုင် ၂ / ၇ ကုန်းရိုးရွာ အနီးအရောက်တွင် အနောက်မှ အမည်မမသိ လူငယ်နှစ်ဦးသုံးဦးခန့်က အနီရောင် ဆိုင်ကယ် ဖြင့်လိုက်လာပြီး ဓားဖြင့်လေးငါးချက်ခုတ်ကာ ၄င်းတို့၏ SUZUKI အဖြူနက်ကြား ဆိုင်ကယ် နှင့် Toolbox အတွင်း ထည့်ထားသော ငွေကျပ်သုံးသိန်းကိုလုယူသွားခဲ့ကြောင်း နှင့် ပေါင်းတလည် ရဲစခန်းသို့ ယင်းနေ့နံနက် ၈ နာရီခွဲတွင် အမှုဖွင့်တိုင်တန်းခဲ့ရာ ပေါင်းတလည်နယ်မြေရဲစခန်းမှရဲအုပ်ဇော်မင်း က အမှုဖွင့်အရေးယူမှုများဆက်လက်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ယင်းအမှုမှတရားခံများအားအမြန်ဖမ်းဆီးရမိရေးအတွက် ပြည်ခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီးမြင့်အေး နှင့် ပြည်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းထွန်းအောင် တို့၏ အနီးကပ်ကြီးကြပ်မှုဖြင့် တာဝန်ရှိ သူများအသီးသီး က စုံစမ်းစစ်ဆေးချိတ်ဆက်မှုများဆောင်ရွက်ခဲ့ရာ ယင်းနေ့ နံနက် ၁၀ နာရီ ၅၀ အချိန်တွင် အောင်လံမြို့မရဲစခန်း မှ ဆိုင်ကယ်လာရောင်းသူ မင်္သကာသူလူငယ်နှစ်ဦးတွေ့ရှိကြောင်း ဆက်သွယ်သိရှိရသဖြင့် ရဲအုပ်ဇော်မင်း ဦးဆောင်သောအဖွဲ့ က အောင်လံမြို့သို့သွားရောက်စစ်ဆေးရာ ၄င်းလူငယ်နှစ်ဦးမှာ ဇင်ကိုကိုဦး (၁၉ ) နှစ် (ဗမာ/ဗုဒ္ဓ) ပန်းရံလုပ်ကိုင် ၊ ဗိုလ်တထောင်(၈)လမ်း ၊ ဗိုလ်တထောင်ရပ်ကွက် ၊ပြည်မြို့ နေသူ နှင့် ဇော်ဝင်းထွဋ် (၂၃) နှစ် (ဗမာ/ဗုဒ္ဓ) ပန်းရံလုပ်ကိုင် ၊ ရွှေစည်းခုံဘုရားလမ်း ၊ ရတနာထီးဖြူရပ် ၊ ရွာဘဲနယ်မြေ ပြည်မြို့ နေထိုင်သူတို့ဖြစ်ကြောင်း နှင့် ၄င်းတို့ ပြစ်မှုကျူးလွန်ကြောင်း ၀န်ခံထွက်ဆိုခဲ့ကာ အခင်းဖြစ်စဉ်က ၄င်းတို့ ဓားဖြင့်ခုတ်ပြီးလုယက်ယူခဲ့သော ဆိုင်ကယ် ၊ ငွေကြေး နှင့် အသုံးပြုခဲ့သော ဓား တို့နှင့်အတူသိမ်းဆည်းဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ပြည်ခရိုင်တရားသို့တရားစွဲတင် အရေးယူမှုများ ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။

မျိုးကျော်ကြီး(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ပြည် - ပေါက်ခေါင်းကားလမ်းပေါ် ၌ ဆိုင်ကယ်မောင်းနှင်စီးနင်း လာသူနှစ်ဦးအား ဓားဖြင့်ခုတ်ပြီး ဆိုင်ကယ်နှင့်ငွေများလုယက်သူများအား နာရီပိုင်းအတွင်း ဖမ်းဆီးရမိ ပြည် - ပေါက်ခေါင်းကားလမ်းပေါ် ၌ ဆိုင်ကယ်မောင်းနှင်စီးနင်း လာသူနှစ်ဦးအား ဓားဖြင့်ခုတ်ပြီး ဆိုင်ကယ်နှင့်ငွေများလုယက်သူများအား နာရီပိုင်းအတွင်း ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 19:21 Rating: 5
Powered by Blogger.