ဂျေရူဆလင်မ်ကို အစ္စရေးမြို့တော်အဖြစ် ထရမ့် အသိအမှတ်ပြု

ဂျရူဆလင်မ်ကို အစ္စရေးမြို့တော်အဖြစ် တရားဝင် အသိအမှတ် ပြုချိန်တန်ပြီ
ဆယ်စုနှစ် အဆက်ဆက် အမေရိကန် အစိုးရတွေ ကိုင်စွဲခဲ့တဲ့ မူဝါဒကနေ သွေဖီ ဆန့်ကျင်ပြီး၊ သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဂျေရူဆလင်မ်ကို အစ္စရေး နိုင်ငံရဲ့ မြို့တော် အဖြစ် အသိအမှတ် ပြုလိုက်ပြီလို့ ကြေညာ လိုက်ပါတယ်။

ဂျရူဆလင်မ်ကို အစ္စရေးမြို့တော်အဖြစ် တရားဝင် အသိအမှတ် ပြုချိန်တန်ပြီလို့ ဆုံးဖြတ်လိုက်တယ်၊ ဒီလို အသိအမှတ်ပြုမယ် ဆိုပြီး အရင်သမ္မတတွေက ရွေးကောက်ပွဲ မဲဆွယ်ကတိ အနေနဲ့ ပေးခဲ့တာမျိုးတွေ လုပ်ခဲ့ပေမယ့်၊ တကယ်တမ်း အကောင်အထည် မဖော်ခဲ့ဘူး၊ ဒီကနေ့တော့ သူတကယ်လုပ်ဆောင် လိုက်ပြီ ဆိုပြီး ထရမ့်က ကြေညာခဲ့ပါတယ်။
ဂါဇာမှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာ
ဒီလို လုပ်ဆောင်ရတာဟာ အမေရိကန်ပြည်ထောင်စုရဲ့ အကျိုးစီးပွား အတွက် အကောင်းဆုံး ဖြစ်စေနိုင်သလို၊ အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့လည်း အကျိုးဖြစ်စေမယ် လို့လည်း ထရမ့်က ဆိုပါတယ်။

ထရမ့်က အဲဒီလို ဆိုပေမယ့်၊ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် လုံးဝ ပျက်သွားလိမ့်မယ် ဆိုပြီး ထရမ့်ကို ဒီလို မလုပ်ဆောင်ဖို့ နိုင်ငံတကာက သတိပေး နေခဲ့ကြပါတယ်။

အခုလို ထရမ့်ဘက်က တရားဝင် ကြေညာလာတဲ့ အခါမှာလည်း နိုင်ငံတကာရဲ့ ပြစ်တင် ဝေဖန်သံတွေ ဆူဆူညံညံ ထွက်လာ ပေမယ့်၊ အစ္စရေးကတော့ သမိုင်းဝင်တဲ့ လုပ်ရပ်ဆိုပြီး ကြိုဆို ပါတယ်။
အရှေ့ ဂျေရူဆလင်မ်
ဂျေရူဆလင်မ်ကို အစ္စရေး မြို့တော် အဖြစ် အမေရိကန်က အသိအမှတ် ပြုလိုက်တဲ့ အတွက်၊ အစ္စရေးနဲ့ ပါလက်စတိုင်းကြား ငြိမ်းချမ်းရေး သဘောတူမှု ရအောင် ကြားဝင် ဆောင်ရွက်ပေးနေတဲ့ အမေရိကန် ရဲ့ အခန်းကဏ္ဍ ဆုံးရှုံးသွားပြီ ဆိုပြီး ပါလက်စတိုင်း သမ္မတ မာမွတ် အဘာ့စ်က ပြောပါတယ်။

အစ္စရေး-ပါလက်စတိုင်း ပြဿနာ ဖြေရှင်းရာမှာ နှစ်ပြည်ထောင် တည်ရှိရေး၊ အပြန်အလှန် အသိအမှတ်ပြုရေး နည်းလမ်းကို အမေရိကန်က ဆက်လက် ထောက်ခံနေဆဲ ဖြစ်တယ်လို့တော့ သမ္မတ ထရမ့်က ဆိုပါတယ်။

အဓိပ္ပာယ်ကတော့ လွတ်လပ်တဲ့ ပါလက်စတိုင်း ပြည်သစ် တည်ထောင်ပြီး အစ္စရေးနဲ့ ယှဉ်တွဲ နေထိုင်ရေး ဆိုတဲ့ မူ အပေါ်မှာတော့ အမေရိကန်ကန်က ဆက်လက် အားပေး နေတယ်လို့ သမ္မတ ထရမ့်က ပြောတာပါ။

ဒါပေမယ့်လည်း အဲဒီလို ပါလက်စတိုင်း ပြည်သစ် ပေါ်ထွန်းလာရင် အရှေ့ ဂျေရူဆလင်မ်ကို ပါလက်စတိုင်း မြို့တော် အဖြစ် သတ်မှတ်မယ်ဆိုတာကို ၁၉၉၃ တုန်းက အစ္စရေးနဲ့ကြား ရရှိထားတဲ့ သဘောတူမှုထဲ ပါဝင် နေပါတယ်။

ဂျေရူဆလင်မ်ဟာ အစ္စရေးရဲ့ အချုပ်အခြာ အာဏာပိုင်နက်ထဲ ရှိတယ်လို့ နိုင်ငံတကာက ဘယ်တုန်းကမှ အသိအမှတ်ပြုထားတာမျိုး မရှိပါဘူး။ နိုင်ငံတကာ သံရုံးတွေမှန်သမျှလည်း တဲလ်အဗီးမြို့မှာပဲ ဖွင့်လှစ် ထားရှိကြပါတယ်။

တစ်ဆူတည်းသောဘုရားအပေါ် ယုံကြည်တဲ့ အဓိကဘာသာကြီး ၃ ခု ဖြစ်တဲ့ ဂျုး၊ ခရစ်ယာန်နဲ့ အစ္စလာမ် တို့အတွက် ဘာသားရေးအရ အထွဋ်အမြတ်ဆုံး ထားတဲ့ နေရာတွေဟာ ဂျေရူဆလာမ်မှာ ရှိနေပါတယ်။

သမ္မတ ထရမ့်ရဲ့ အခုလို လုပ်ဆောင်မှုကို အာရပ်ကမ္ဘာကသာမက၊ ဗြိတိန်နဲ့ ပြင်သစ် အပါအဝင် ဥရောပ ခေါင်းဆောင်တွေကပါ သဘောမတူဘူး ဆိုပြီး တုံ့ပြန် နေကြပါတယ်။

BBC Burmese
http://www.bbc.com/burmese
ဂျေရူဆလင်မ်ကို အစ္စရေးမြို့တော်အဖြစ် ထရမ့် အသိအမှတ်ပြု ဂျေရူဆလင်မ်ကို အစ္စရေးမြို့တော်အဖြစ် ထရမ့် အသိအမှတ်ပြု Reviewed by THITHTOOLWIN on 08:43 Rating: 5
Powered by Blogger.