ဒုက္ခသည်တွေပြန်ခေါ်ရေး နှစ်နိုင်ငံ လုပ်ငန်းကော်မတီဖွဲ့

 ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘာလူခါလီ စခန်းက ဒုက္ခသည်တွေ
မြန်မာ နိုင်ငံ ရခိုင်ပြည်နယ်မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ် ဘက်ကို ထွက်ပြေး သွားကြတဲ့ ဒုက္ခသည်တွေ ပြန်ပို့ရေးမှာ ကြီးကြပ် ကွပ်ကဲမယ့် လုပ်ငန်း အဖွဲ့တစ်ခုကို ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာ နိုင်ငံတို့ ဖွဲ့စည်းလိုက်ပါတယ်။

အဲဒီ အဖွဲ့မှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံက အဖွဲ့ဝင်၁၅ ယောက် စီနဲ့ စုစုပေါင်း ၃၀ ပါဝင်တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး Abul Hassan Mahmood Ali က ပြောပါတယ်။

ပူးတွဲကော်မတီအတွက် စည်းမျဉ်းစည်းကမ်းတွေကို မြန်မာနိုင်ငံခြားရေးဝန်ကြီးရုံးရဲ့ အမြဲတမ်း အတွင်းဝန် ဦးမြင့်သူနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဌာန အတွင်းဝန်တို့ ဒါကာမြို့မှာ တွေ့ဆုံ လက်မှတ်ရေးထိုး ခဲ့ကြပါတယ်။

ဒုက္ခသည်၆ သိန်းခွဲကျော်ကို မြန်မာနိုင်ငံဆီ ပြန်ပို့ဖို့အတွက် နှစ်နိုင်ငံသဘောတူညီချက် ကိုသူတို့ဖက်က လက်မှတ်ထိုးပြီး နောက်မှာ အခု ပထမဆုံး ဆွေးနွေးကြတာလို့ ဘင်္ဂလားဒေ့ရှ်ဘက်က ပြောပါတယ်။

အဲဒီဒုက္ခသည်တွေထဲက သူတို့ သဘော ဆန္ဒအလျောက် ပြန်လိုသူတွေကို ဇန်နဝါရီ လဆန်းမှာ မြန်မာနိုင်ငံကို ပြန်ပို့မှာ ဖြစ်ပါတယ်။

ထွက်ပြေးသွားကြသူတွေထဲက ဟိန္ဒူ ဘာသာဝင်တွေက ပြန်လာချင်တယ်လို့ ပြောထားတဲ့အတွက် သူတို့ကို အရင်ဆုံး ပြန်လည် လက်ခံမယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။

အခု ဖွဲ့လိုက်တဲ့ လုပ်ငန်း ကော်မတီက အချိန်ဇယား တစ်ခု သတ်မှတ်ပြီး ဒုက္ခသည်တွေကို စိစစ်တာ၊ ပြန်ကြဖို့ အတွက် သွားရေးလာရေး စီစဉ် ပေးတာတွေကို နှစ်လ အတွင်း အကောင်အထည် ဖော်ပေးသွားမယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

မကြာသေးခင်က နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်မှာ လူပေါင်း ခြောက်ထောင်ကျော် သေဆုံးခဲ့တယ်လို့ ဆိုထားတဲ့ အတွက် မြန်မာနိုင်ငံကို ပြန်လိုတဲ့ ဒုက္ခသည်တွေက လုံခြုံရေး စိုးရိမ်မှုတွေ ရှိနေပါတယ်။

BBC Burmese
http://www.bbc.com/burmese
ဒုက္ခသည်တွေပြန်ခေါ်ရေး နှစ်နိုင်ငံ လုပ်ငန်းကော်မတီဖွဲ့ ဒုက္ခသည်တွေပြန်ခေါ်ရေး နှစ်နိုင်ငံ လုပ်ငန်းကော်မတီဖွဲ့ Reviewed by THITHTOOLWIN on 22:39 Rating: 5
Powered by Blogger.