ကျောက်မဲမှာ စစ်ဘေးဒုက္ခသည် ၄၀၀ ကျော် ထပ်တိုးလာ

ရှမ်းပြည်နယ် ကျောက်မဲမြို့ကို ထွက်ပြေးတိမ်းရှာင်လာတဲ့ စစ်ပြေးဒုက္ခသည်တွေကို ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလက တွေ့ရစဉ်/ ဓါတ်ပုံ - ကိုသားဇော်
တပ်မတော်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ပေါ်ကို မနေ့ညကနေ ဒီနေ့ ညနေပိုင်းအထိ ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးဒုက္ခသည်ဦးရေ လေးရာကျော်လောက်ရှိနေပြီလို့  ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ကျောက်မဲမြို့ခံ ကိုသားဇော် က ပြောပါတယ်။

ထွက်ပြေးလာသူတွေဟာ ကျောက်မဲမြို့ နယ်၊ မန်ခေါက်ကျေးရွာအုပ်စု၊ ပါပြောင်ကျေးရွာနဲ့ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ နယ်၊ ကျောက်ဖြူရွာကဖြစ်တယ်လို့ ကိုသားဇော် က ပြောပါတယ်။

သူတို့နေထိုင်ရာ ကျေးရွာတွေအနီးကို လက်နက်ကြီးကျည်ဆံတွေ ကျတာကြောင့် ထွက်ပြေးလာကြတာ လို့ ပြောပါတယ်။

လက်ရှိထွက်ပြေးလာသူတွေထဲမှာ ပလောင်တိုင်းရင်းသားတွေက အများဆုံးဖြစ်နေပြီး သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေအများစုဖြစ်သလို ကျန်းမာရေးမကောင်းသူအချို့ ကိုလည်း တွေ့ ရတယ်လို့ ကိုသားဇော် က ပြောပါတယ်။

ထွက်ပြေးလာသူတွေကို မူလက ကျောက်မဲမြို့  ဘိုးသာအောင်ဓမ္မာရုံမှာထားဖို့ စီစဉ်ထားတာကနေ လက်ရှိမှာ လူဦးရေများလာတာကြောင့် အောင်မင်္ဂလာကျောင်း၊ ဝါဆိုကျောင်းစတဲ့ ဘုန်းတော်ကြီးကျောင်းနှစ်ကျောင်းမှာ ထပ်တိုး နေရာချထားပေးနေတယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၂၇ရက်အတွင်းမှာ နမ့်ဆန်မြို့ နယ်၊ ကျောက်ဖြူကျေးရွာအုပ်စု၊ ဒို့လွေရွာတ၀ိုက်မှာ တပ်မတော်နဲ့ TNLA တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်က ကျောက်မဲမြို့နယ် မိုင်ငေါ့မြို့နယ်ခွဲကနေ လက်နက်ကြီးတွေနဲ့  ပစ်ခတ်တာတွေရှိတယ်လို့ မြောက်ပိုင်းမဟာအမိတ်အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

တပ်မတော်ဘက်ကတော့ တိုက်ပွဲဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မတွေ့ ရပါဘူး။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့လကစတင်ပြီး တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ တိုက်ပွဲ ပိုပြင်းထန်လာနေပါတယ်။ တိုက်ပွဲအတွင်းမှာ လက်နက်ကြီးအသုံးပြုမှုတွေလည်း ပိုများလာနေသလို ကျေး ရွာတွေအနီး လက်နက်ကြီးတွေ မကြာခဏဆိုသလိုကျတာကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးရမှုတွေ ရှိလာနေပြီး နေရပ်စွန့်ခွာရမှုတွေလည်းများလာနေပါတယ်။

RFA Burmese
http://www.rfa.org/burmese
ကျောက်မဲမှာ စစ်ဘေးဒုက္ခသည် ၄၀၀ ကျော် ထပ်တိုးလာ ကျောက်မဲမှာ စစ်ဘေးဒုက္ခသည် ၄၀၀ ကျော် ထပ်တိုးလာ Reviewed by THITHTOOLWIN on 21:08 Rating: 5
Powered by Blogger.