တနိုင်းမှာ စက်သုံးဆီ ပြတ်ပြီ

တိုက်ပွဲတွေကြောင့် စစ်ရှောင် ဒုက္ခသည် ပိုများလာ
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်မှာ စက်သုံးဆီနဲ့ ဆန်တွေ တင်ပို့ရောင်းချရာမှာ ကန့်သတ်မှုတွေ ရှိနေလို့ ဈေးမြင့်တက်ပြီး ပစ္စည်းပြတ်လတ်မှုတွေ ဖြစ်ပေါ်နေရာမှာ ဒီဇင်ဘာ ၇ ရက်မှာတော့ တနိုင်း မြို့နယ်အတွင်းက စက်သုံးဆီဆိုင်ကြီးတွေမှာ ဆီပြတ်လပ် သွားလို့ ဆီကုန်ပြီလို့ ကြေညာရေးသား ထားတာကို တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီရက်ပိုင်း အတွင်း တနိုင်းဒေသမှာ စက်သုံးဆီနဲ့ ဆန် ဝယ်ယူရတာ ပိုခက်ခဲနေပြီး ဆန်တစ်အိတ်ကို ကျပ် ၄ သောင်းကနေ ၆ သောင်းအထိ ဈေးမြင့်လာနေသလို ၊ စက်သုံးဆီက ၁ ဂါလံကို ၁သောင်းနီးပါး ဖြစ်လာတဲ့အပြင် ဝယ်ယူရတာခက်ခဲနေတဲ့ အတွက် စက်သုံးဆီ အသုံးပြုလုပ်ကိုင်ရတဲ့ လုပ်ငန်းတွေကို ရပ်နားထားရပါတယ်။
ကချင် ပြည်နယ်က စစ်ရှောင် ဒုက္ခသည်တွေ
တနိုင်းဒေသမှာ KIA နဲ့ တပ်မတော်တို့ ၂၀၁၇ ခုနှစ် ဇွန်လ ၆ ရက်မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း စက်သုံးဆီနဲ့ ဆန်တင်ပို့မှုကို ပိုမို စီစစ်ကန့်သတ်လာတဲ့အပြင် ဆက်သွယ် သွားလာရာမှာလည်း စစ်ဆေးမှုတွေပိုလုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တနိုင်း ဒေသကို စက်သုံးဆီနဲ့ ဆန် လွတ်လပ်စွာ သယ်ယူရောင်းချခွင့်ပေးဖို့ ပြည်နယ် လွှတ်တော်ကို တင်ပြခဲ့ပေမယ့် အခုထိ ပြည်နယ်အစိုးရအဖွဲ့က ဆောင်ရွက် ပေးနိုင်ခြင်း မရှိသေးလို့ ဒေသခံတွေ အခက်အခဲ ကြုံနေရပါတယ်။

လက်ရှိ အခြေအနေမှာ ရိက္ခာ ပြတ်လပ်နေတဲ့ အတွက် ပြည်နယ်လွှတ်တော်က စီစဉ် ပေးတာတွေတောင် ပိတ်ထားခံနေရတယ်လို့ ကချင်ပြည်နယ် အမှတ်(၂) လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်းက ပြောပါတယ်။

တနိုင်းဒေသမှာ ပယင်း၊ ကျောက်စိမ်းမှော်တွေ ရှိနေတာကြောင့် ရွှေ့ပြောင်းလုပ်သားတွေ အပါအဝင် ဒေသခံ ၅ သောင်းကျော် နေထိုင်ကြတယ်လို့ ၂၀၁၅ ရွေးကောက်ပွဲစာရင်းအရ သိရပါတယ်။

တိုက်ပွဲတွေကြောင့် တနိုင်းမြို့စစ်ရှောင်စခန်းမှာ ခိုလှုံနေရတဲ့ ဒုက္ခသည် တွေကလည်း ရိက္ခာတွေ ပြတ်တောက်သွားမှာကို လူအများက စိုးရိမ်နေကြပါတယ်။

BBC Burmese
http://www.bbc.com/burmese
တနိုင်းမှာ စက်သုံးဆီ ပြတ်ပြီ တနိုင်းမှာ စက်သုံးဆီ ပြတ်ပြီ Reviewed by THITHTOOLWIN on 08:10 Rating: 5
Powered by Blogger.