မြစ်ဆုံစီမံကိန်းရပ်ဖို့ ကာဒီနယ်ချားလ်စ်ဘို မိန့်ကြား

ဒီဇင်ဘာ ၁၄ ရက်နေ့က မာရိယာကောင်းကင်ဘုံသခင်မ ဘုရားကျောင်းမှာ မြန်မာနိုင်ငံ ကက်သလစ်ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ်လ်ချားလ်စ်ဘို ကို ကက်သလစ်ဘာသာဝင်တွေက ကြိုဆိုနေကြစဉ်/ Photo: Kyaw Myo Min/ RFA
မြန်မာတစ်နိုင်ငံလုံးက တိုင်းရင်းသားပြည်သူတွေရဲ့ လူမှုစီးပွားတွေကို ထိခိုက်ပျက်စီးစေနိုင်တဲ့ အခြေအနေ ရှိတာကြောင့် ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို ရပ်ဆိုင်းသင့်တယ်လို့ မြန်မာနိုင်ငံ ကက်သလစ်ဂိုဏ်းချုပ် ဆရာတော် ကာဒီနယ်လ် ချားလ်စ်ဘိုက မိန့်ကြားလိုက်ပါတယ်။

ဧရာဝတီမြစ်ကမ်းဘေး တန်ဖရဲ-မြစ်ဆုံကျေးရွာက မာရိယာကောင်းကင်ဘုံသခင်မ ဘုရားကျောင်းမှာ ကက်သလစ် ဘာသာဝင်တွေနဲ့အတူ ဒီကနေ့ ဝတ်ပြုဆုတောင်းဟောပြောချိန်မှာ ကာဒီနယ်လ်ချားလ်စ်ဘို က အခုလို ထည့်သွင်း မိန့်ကြားခဲ့တာ ဖြစ်ပါတယ်။

"ဒီဟာကြီးဟာ ဆက်လုပ်ဖို့ရန်အတွက် မဖြစ်နိုင်တဲ့အရာဖြစ်တယ်။ ဒီဟာကြီးဟာ ကချင်ပြည်နယ်တစ်နယ်လုံး အထူးပတ်သက်တဲ့အပြင် မြန်မာပြည်တစ်ပြည်လုံးနဲ့ ပတ်သက်တဲ့အရာဖြစ်တဲ့အတွက်ကြောင့်မို့ မြန်မာပြည် တစ်ပြည်လုံးက ပြည်သူပြည်သားတွေရဲ့ ဆန္ဒပြထားတဲ့၊ ဆန္ဒထုတ်ဖော်တဲ့အတိုင်းပဲ ဒါကြီးဟာ ရပ်ရမယ်။ ရပ်သင့်တယ်။ ရပ်ထိုက်တယ်။ မရပ်ဘူးဆိုလို့ရှိရင် ပြဿနာဖြစ်မယ်။ လူမှုရေးအရ၊ စီးပွားရေးအရ ပြဿနာဖြစ်တဲ့အပြင် မြန်မာပြည်တစ်ပြည်လုံးဟာလည်းပဲ ပျက်စီးသွားမယ်။ ရေတွေများပြီး ပေါက်သွားမယ် ဆိုလို့ရှိရင်လည်း တစ်ပြည်လုံး ဒုက္ခရောက်မယ်။ ရေမရှိတော့ဘူးဆိုလိုရှိရင်လည်း အောက်ပြည်နယ် တစ်ခုလုံးလည်းပဲ ဆက်သွယ်ရေး၊ ခရီးလမ်းပန်းဆက်သွယ်ရေးပျက်ပြားမယ်။ စိုက်ပျိုးရေးလည်းပဲ ပျက်ပြားပြီးတော့သွားမယ်"

မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး ဘယ်လောက်ပဲရင်းနှီးထားခဲ့ပေမယ့် ဆက်လက်မလုပ်သင့်တော့ဘဲ ရပ်ဆိုင်း သင့်ကြောင်းကိုလည်း ပြောပါတယ်။

ဝတ်ပြုဆုတောင်းပွဲမှာ မြစ်ဆုံစီမံကိန်းကြောင့် အောင်မြင်သာ စံပြ ကျေးရွာမှာ ရွှေ့ပြောင်းနေထိုင်နေရတဲ့ တန်ဖရဲရွာသူ ဒေါ်ဂျာခေါန်က စီမံကိန်းကြောင့် ပြောင်းရွှေ့နေရပြီး နောက်ပိုင်း လူမှုဒုက္ခတွေနဲ့ ရင်ဆိုင်ကြုံတွေ့ နေရတဲ့ အခြေအနေတွေကို တင်ပြခဲ့ပါတယ်။

ကာဒီနယ်လ်ချားလ်စ်ဘိုဟာ မြစ်ကြီးနားနယ်က ကက်သလစ်သီလရှင်တွေရဲ့ ဝတ်စောင့်ပွဲမှာ လာရောက် တရားဟောတာဖြစ်ပါတယ်။

ခရီးစဉ်အတွင်းမှာ မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညီညီဆွေက လာရောက်တွေ့ဆုံပြီး ခရစ္စမတ်လက်ဆောင် ပေးအပ်ခဲ့ပါတယ်။ ဒါ့အပြင် မြစ်ကြီးနား နဲ့ ဝိုင်းမော်တဝိုက်က ကက်သလစ်ဘာသာဝင်တွေ ခိုလှုံနေကြတဲ့ စစ်ဘေးကယ်ဆယ်ရေးစခန်းတချို့နဲ့ ပရဟိတဂေဟာ တချို့ကိုလည်း သွားရောက်ခဲ့ပါတယ်။

ကာဒီနယ်လ်ချားလ်စ်ဘိုဟာ လာမယ့် ဒီဇင်ဘာ ၁၇ ရက် တနင်္ဂနွေနေ့ မနက် ၈ နာရီမှာ မြစ်ကြီးနားမြို့ က စိန်ကိုလဘန် ကက်သလစ်ဘုရားရှိခိုးကျောင်းမှာ ကက်သလစ်ဘာသာဝင်တွေနဲ့အတူ ဝတ်ပြုဆုတောင်းကြမှာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
မြစ်ဆုံစီမံကိန်းရပ်ဖို့ ကာဒီနယ်ချားလ်စ်ဘို မိန့်ကြား မြစ်ဆုံစီမံကိန်းရပ်ဖို့ ကာဒီနယ်ချားလ်စ်ဘို မိန့်ကြား Reviewed by THITHTOOLWIN on 20:06 Rating: 5
Powered by Blogger.