နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကယားပြည်နယ် ဒေသခံလူငယ်များ ငြိမ်းချမ်းရေးစကားဝိုင်းကျင်းပ


လွိုင်ကော် ဒီဇင်ဘာ ၂၉

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကယားပြည်နယ် ဒေသခံလူငယ်များ ငြိမ်းချမ်း ရေး စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီတွင် ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ပြည်နယ်ခန်းမ၌ ကျင်းပသည်။

ငြိမ်းချမ်းရေးစကားဝိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က “ငြိမ်းချမ်းရေးစကားဝိုင်းကို လူငယ်တွေနဲ့ကျင်းပခဲ့တာ ၄၊ ၅၊ ၆ ခါ လောက် ရှိပါပြီ။ နေရာအသီးသီးမှာ လူငယ်တွေနဲ့ ဒီလိုငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ကျင်းပတဲ့ နေရာမှာ တိုက်ပွဲတွေ မဖြစ်ခဲ့တဲ့ ဒေသတွေမှာဆိုရင် ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ နားလည်မှု ဗဟုသုတရော၊ စိတ်ဝင်စားမှုရော နည်းနည်းနည်းတယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။

``ဒါပေမယ့် တိုက်ပွဲတွေဖြစ်ခဲ့တဲ့ ပြည်နယ်တွေ/တိုင်းဒေသကြီးတွေ၊ နောက်ပြီး အရင်တုန်းက မငြိမ်းချမ်းဘဲနဲ့ နောက်ငြိမ်းချမ်းသွားတဲ့အခြေအနေမှာ ဘယ်လိုအပြောင်း အလဲတွေ ရှိနေတယ်ဆိုတာကို ပိုပြီးတော့နားလည်တယ်ဆိုတာကို သတိပြုမိပါတယ်။ ပိုပြီးတော့နားလည်တဲ့ ဒေသတွေမှာဆိုရင် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေး ရတာ ပိုပြီးတော့ထဲထဲဝင်ဝင်ရှိပါတယ်။ ဒါကြောင့်မို့ ဒီကယားပြည်နယ်မှာလည်း လူငယ် တွေနဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ဆွေးနွေးတဲ့အခါ ပိုပြီးတော့ ထိထိရောက်ရောက် ဖြစ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒီကလူငယ်တွေရဲ့အသံကို တစ်တိုင်းပြည်လုံးက နားထောင်ပြီးတော့ စိတ်ဝင်စားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

``ဒီထဲမှာ ၀န်ထမ်းတွေလည်းပါတယ်၊ ၀န်ထမ်းမဟုတ်တဲ့ ပုဂ္ဂိုလ်တွေလည်းပါ တယ်။ အဲဒီတော့ ၀န်ထမ်းတွေရဲ့ အနေအထားနဲ့ ၀န်ထမ်းမဟုတ်တဲ့ ပုဂ္ဂလိက လုပ်ငန်းလုပ်နေတဲ့လူငယ်တွေရဲ့ အနေအထားကတော့ မတူပါဘူး။ မတူပေမယ့်လည်း အားလုံးက အတူလက်တွဲပြီးတော့ လုပ်ရမှာပါပဲ။
``တချို့တွေက ဒီမိုကရေစီ အခွင့်အရေးဆိုတာ ကိုယ်ပြောချင်သလောက် ပြောလို့ ရတယ်လို့ ထင်နေတယ်။ ဒါပေမယ့် ဒီမိုကရေစီအခွင့်အရေးဆိုတာ တခြားသူတွေရဲ့ အခွင့်အရေးတွေကိုလည်း လေးစားရမယ်။ ကိုယ်တစ်ယောက်တည်း ဖိပြီးပြောလို့ မရပါဘူး။ တစ်ခြားသူတွေလည်းပြောဖို့ အချိန်ရှိရမယ်ဆိုတာကိုတော့ သတိပြုစေချင်ပါတယ်။ ပြောစရာတွေကို ပြင်ပြီးယူလာခဲ့တာ ကောင်းပါတယ်။ ဒါပေမယ့် ကိုယ်စိတ်ထဲကို ရောက်တာကိုလည်း ပွင့်ပွင့်လင်းလင်း အလွတ်သဘောမျိုး လည်း ပြောလို့ရပါတယ်။ တစ်ခါတစ်လေ အဲ့ဒါက ပိုပြီးတော့ စိတ်ဝင်စားစရာ ကောင်းပါတယ်” ဟု နှုတ်ခွန်းဆက်စကားပြောကြားသည်။

ထို့နောက် ငြိမ်းချမ်းရေးစကားဝိုင်းတွင် ပါဝင်ဆွေးနွေးကြသည့် ကယားပြည်နယ်မှ ဒေသခံလူငယ် ၈ ဦးက တရားမျှတမှုနှင့်ငြိမ်းချမ်းရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ တန်းတူညီမျှမှု၊ လူ့အခွင့်အရေး၊ ဖက်ဒရယ်ကိုအခြေခံသည့် ဘက်စုံဖွံ့ဖြိုးတိုးတက်မှု ဖြစ်ပေါ်ရေး၊ လက်နက်ကိုင်ပဋိပက္ခ၊ စစ်ကြောင့်တွေ့ကြုံခဲ့ရသည့် ဒုက္ခများ၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး၊ လယ်ယာမြေကိစ္စ၊ NCA စာချုပ်၊ အမျိုးသမီး၏ အခန်းကဏ္ဍ နှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ဆောင်ရွက်ရေးနှင့် ရိုးရာယဉ်ကျေးမှုစာပေများ ထိန်းသိမ်းစောင့်ရှောက်ရေးကိစ္စရပ်များကို ဆွေးနွေးကြ သည်။
ဦးသျှားရယ် (နိုင်ငံ့ဝန်ထမ်း) က `` အရင်ကငြိမ်းချမ်းမှုမရှိသေးဘူး။ ဒီပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုတာလည်း လုံလောက်စွာ မရသေးတဲ့အချိန်မှာ ကျွန်တော့် မိသားစုတွေဖြစ်တဲ့ ကျွန်တော့်အဘိုး၊ ဦးလေးတွေ၊ အစ်ကိုဝမ်းကွဲတွေဆိုရင် အဲဒီမှာပဲ အသက်ဆုံးရှုံးသွားခဲ့ရပါတယ်။ တိုက်ပွဲတွေကြားမှာ ရှောင်ရင်းတိမ်းရင်း ပြေးရင်းလွှား ရင်းနဲ့ တောခိုရင်းနဲ့ အသက်ပါသွားကြပါတယ်။ ဒါတင်မကသေးပါဘူး။ အခုမြင်တွေ့ နေရတဲ့ တခြားတိုင်းရင်းသားတွေရော ခံစားကြလိမ့်မယ်လို့ ထင်ပါတယ်။ ဒီအဖြစ် အပျက်ဟာ ကျွန်တော့်ရင်ထဲမှာ ကြောက်လန့် ထင်ကျန်နေဆဲပါပဲ။ ဒါဟာအရင်က အဖြစ်အပျက်တွေပါ။
အခုမျက်မှောက် လက်ရှိအခြေအနေမှာဆိုရင် ငြိမ်းချမ်းရေးမရှိတာကြောင့် ကန့် သတ် နယ်မြေတချို့ရှိနေဆဲပါ။ တချို့ကန့်သတ်နယ်မြေဆိုရင် ငြိမ်းချမ်းရေးမရရှိတာ ကြောင့် ဒီပြည်နယ်အတွင်းမှာ ပညာရေးဖြစ်ဖြစ်၊ ကျန်းမာရေးဖြစ်ဖြစ်၊ စီးပွားရေး ဖြစ်ဖြစ် ဖွံ့ဖြိုးမှုနှောင့်နှေးနေတာကို ကျွန်တော်တို့ အသိပဲဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရ ဘက်မှာလည်း ဖွံ့ဖြိုးမှုကို ဆောင်ရွက်တဲ့နေရာမှာ ငြိမ်းချမ်းရေးမရှိတာကြောင့် လွှမ်းခြုံ မှုမရှိပါဘူး။ လွှမ်းခြုံမှုမရှိတာကြောင့် အဟန့်အတား၊ အတားအဆီး တစ်ခုကြီး တစ်ခု ဖြစ်နေတယ်ဆိုတာကို သိရပါတယ်။

``တကယ်လို့များ ငြိမ်းချမ်းရေးသာရှိခဲ့မယ်ဆိုရင် ကျွန်တော်တို့ ပြည်နယ်ကြီး ဟာ ဒီထက်အများကြီး မြို့ပြတွေမှာသာမက ကျေးလက်တွေမှာလည်း အများကြီး ဖွံ့ဖြိုး တိုးတက်လာမယ်လို့ ယုံကြည်မျှော်လင့်မိပါတယ်။ ကျွန်တော့် ရင်ထဲမှာ မေးခွန်းတစ်ခု ထွက်လာပါတယ်။

``ငြိမ်းချမ်းရေး အသီးအပွင့် မခံစားရသေးတဲ့ ကျွန်တော်တို့ ဒေသတွေအတွက် ဘယ်လိုစဉ်းစားအဖြေရှာကြမလဲပေါ့။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဆောင်ရွက်တဲ့ နေရာမှာလည်း ပြည်သူလူထုတွေ ပိုမိုသိသာထင်ရှားလာအောင် ဘယ်လိုချပြရမလဲ ဆိုတဲ့ မေးခွန်းထွက်လာပါတယ်။ နောက်ဆုံးတင်ပြလိုတာက ပြည်သူလူထုတွေ တောင်းဆိုတဲ့ ငြိမ်းချမ်းရေးကို လိုချင်တယ်ဆိုရင် တရားမျှတမှုကို လုပ်ဆောင်ပါဆိုတဲ့ စကားဖြစ်ပါတယ်။
`` ငြိမ်းချမ်းရေးမရှိသရွေ့ကတော့ ဒီအမှန်တရားဆိုတာ ဖြစ်လာမှာ မဟုတ် ပါဘူး။ တရားမျှတမှုဆိုတာလည်း ရှိလာမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ နိုင်ငံတစ် နိုင်ငံမှာ ငြိမ်းချမ်းရေးသာမရှိဘူးဆိုရင် တည်ငြိမ်အေးချမ်းမှု မရနိုင်ဘူး။ တည်ငြိမ်အေး ချမ်းမှု မရှိတော့ တရားမျှတမှုဆိုတာ ပျောက်ကွယ်နေအုံးမှာပဲဖြစ်ပါတယ်ဆိုတာ ကျွန်တော်တို့ တိုင်းရင်းသားညီအစ်ကိုတွေကို သိစေချင်တယ်။

``ငြိမ်းချမ်းရေးကို လိုချင်တယ်ဆိုရင် တရားမျှတမှုကို အရင်ဆုံးရအောင် လုပ်ရ မယ်။ ကျွန်တော်တို့ဘက်မှာလည်း ကြိုးစားရမှာရှိသလို၊ ပြည်သူလူထုတွေအထဲမှာ တရားမျှတမှု ကို မျှော်လင့်နေတဲ့ ပြည်သူလူထုတွေအနေနဲ့လည်း ငြိမ်းချမ်းရေးကို လိုလားတောင့်တတဲ့ စိတ်ရှိဖို့လိုပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ လူငယ်တွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ လူငယ်တွေလည်း ပါဝင်ဆွေးနွေးစေချင်ပါတယ်။

``အဓိကပြောချင်တာက ငြိမ်းချမ်းရေးကို ဖော်ဆောင်တဲ့နေရာမှာ ဦးစီးဦးဆောင် နေတဲ့ အမေစုတို့လိုခေါင်းဆောင်ကြီးမှာလည်း တာဝန်ရှိသလိုပဲ ကျွန်တော်တို့ လူငယ် တွေ ကိုယ်တိုင်ရော၊ တခြားတိုင်းရင်းသားညီအစ်ကိုမောင်နှမတွေ အားလုံးရော တာဝန် ရှိတဲ့အတွက် အားလုံးအတူတူ ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်လိုပါတယ်လို့ ကျွန်တော် တင်ပြချင်ပါတယ်´´ ဟု ဆွေးနွေးသည်။

ဒေါ်အဲလစ်ထွန်း (Level Up Academy ကိုယ်ပိုင်သင်တန်းကျောင်း - ကျောင်းအုပ်) က `` ကျွန်မ ဆွေးနွေးချင်တဲ့အကြောင်းအရာကတော့ ငြိမ်းချမ်းရေးနဲ့ ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအကြောင်းဖြစ်ပါတယ်။ ငြိမ်းချမ်းရေးလို့ ပြောတဲ့နေရာမှာ နှစ်မျိုးရှိ တယ်လို့ မှတ်သားဖူးပါတယ်။ ပထမတစ်ခုကတော့ အနှုတ်လက္ခဏာဆောင်တဲ့ ငြိမ်းချမ်းရေး ဖြစ်ပါတယ်။ ဒုတိယတစ်ခုက အပေါင်းလက္ခဏာဆောင်တဲ့ ငြိမ်းချမ်းရေး ဖြစ်ပါ တယ်။
``အနှုတ်လက္ခဏာဆောင်တဲ့ငြိမ်းချမ်းရေးဆိုတာ ဘယ်လိုဆိုလိုတာလဲဆိုတော့ အကြမ်းဖက်မှုတွေ၊ စစ်မက်တွေ မရှိတဲ့အခြေအနေဖြစ်တဲ့ ငြိမ်းချမ်းရေးလို့ပြောပါတယ်။ အပေါင်းလက္ခဏာဆောင်တဲ့ငြိမ်းချမ်းရေးကျတော့ ကျွန်မတို့ရဲ့ အခြေခံလိုအပ်ချက် တွေ၊ လူတွေရဲ့စိတ်ကျေနပ်မှုတွေရှိနေပြီးတော့ အေးချမ်းသာယာတဲ့ငြိမ်းချမ်းရေးလို့ မှတ်သားသိရှိရပါတယ်။

`` အနုတ်လက္ခဏာဆောင်တဲ့ငြိမ်းချမ်းရေး မရှိတဲ့အတွက်ကြောင့် ဘယ်လိုတွေ ခံစားခဲ့ရလဲ။ ရှိလာတဲ့အတွက် ကြောင့် ဘယ်လိုကောင်းကျိုးတွေရှိလာမလဲဆိုတာကို အများအားဖြင့် သိကြပါတယ်။

``ကျွန်မတို့ပြည်နယ်မှာလည်း အနုတ်လက္ခဏာဆောင်တဲ့ငြိမ်းချမ်းရေးလို့ ပြောတဲ့ အကြမ်းဖက်မှုတွေ၊ စစ်မက်တွေ လျော့ကျလာတဲ့အတွက် ဖွံ့ဖြိုးရေးတွေ များစွာ ဖြစ်လာပါတယ်။ လူမှုကူညီမှုအဖွဲ့တွေဖြစ်တဲ့ NGO , INGO တွေ ၀င်လာပါတယ်။ ကူညီ လုပ်ဆောင်ပေးမှုတွေ အများကြီးရှိလာပါတယ်။ ပြီးတော့ ရင်းနှီးမြုပ်နှံမှုတွေလည်း ၀င်လာပါတယ်။ ဒါကတော့ ဒေသအတွက် ဖွံ့ဖြိုးတိုး တက်ရေးတွေဖြစ်လာပါတယ်။
``တစ်ဖက်မှာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက်ကျတော့ အပေါင်းလက္ခဏာ ဆောင်တဲ့ ငြိမ်းချမ်းရေးကို ပိုပြီးတော့ ဦးတည်တယ်လို့ ကျွန်မမြင်ပါတယ်။ ဘက်စုံဖွံ့ဖြိုး ရေးလို့ ပြောတဲ့နေရာမှာ အလွန်ကျယ်ပြန့်ပါတယ်။ လူမှုဖွံ့ဖြိုးရေးကို အဓိက ပြောချင်ပါ တယ်။ ကျွန်မတို့ရဲ့အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေ ရေးတွေပါမယ်၊ တရားမျှတမှု၊ လူအခွင့်အရေးတွေ၊ တန်းတူညီမျှမှုတွေ ရနေတယ် ဆိုရင် ပိုပြီးတော့ ငြိမ်းချမ်းနေမှာဖြစ်ပါတယ်။ ကျွန်မတို့က ငြိမ်းချမ်းရေးရပြီ၊ တိုးတက် လာပြီ ပြောပေမယ့် ဒေသခံတွေကနေ လက်ရှိအခြေအနေကို မကျေနပ်ဘူးပေါ့နော်။

``ကျွန်မတို့ရဲ့ သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးကုန်မယ်၊ တန်းတူအခွင့် အရေးတွေ မရဘူး၊ အကျိုးအမြတ်တွေခံစားလို့မရဘူးဆိုရင် ကျွန်မတို့ မငြိမ်းချမ်း နိုင်ပါဘူး။ အဲဒါကြောင့် ကျွန်မတို့ ဖွံ့ဖြိုးတိုးတက်ရေးကို စဉ်းစားတဲ့အခါမှာ ဒေသခံ တွေရဲ့ ကျေနပ်မှုတွေ၊ ပူးပေါင်းပါဝင်မှုတွေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု တွေကိုလည်း စဉ်စားရမှာဖြစ်ပါတယ်။ ရေရှည်မှာလည်း အားလုံး ပျော်ရွှင်စွာ နေထိုင် သွားရမှာဖြစ်တဲ့အတွက် အမျိုးသားရင်ကြားစေ့ရေးကလည်း အရေးကြီးတယ်လို့ မြင်ပါတယ်။

``အချုပ်အနေနဲ့ ကျွန်မတို့ အနာဂတ်မှာ မငြိမ်းချမ်းရတဲ့အကြောင်းအရင်းတွေ အခုအချိန်မှာ မဖန်တီးမိစေဖို့၊ ရေရှည်တည်တံ့တဲ့ဖွံ့ဖြိုးရေးတွေကို အလေးပေး စဉ်းစားဖို့လိုပါတယ်လို့ မြင်ပါတယ်။ ဘယ်လိုဖွံ့ဖြိုးရေးမျိုးကိုပဲ လုပ်လုပ်။ ဖက်ဒရယ် ကို အခြေခံတဲ့ ဖွံ့ဖြိုးရေးတွေကို လုပ်မယ်ဆိုရင် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး တွေရမယ်လို့ ကျွန်မအနေနဲ့ သုံးသပ်မိပါတယ်´´ ဟု ဆွေးနွေးသည်။

ဦးမာရီးယို (တောင်သူ)က `` ကျွန်တော်က လယ်ယာသမားတစ်ဦးပါ။ ပညာအရည်အချင်းလည်း မရှိပါဘူး။ စာပေလေ့လာရေးမှာလည်း သိပ်အတွေ့ အကြုံမရှိပါဘူး။ ကျွန်တော့်ရင်ထဲကအတိုင်း ခံစားနေရတဲ့ဟာတွေကိုပဲ ပြောပြမှာပါ။ ကျွန်တော် အခုဆွေးနွေးလိုတဲ့ အခန်းကဏ္ဍကတော့ ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားတို့ရဲ့ အခန်းကဏ္ဍဖြစ်ပါတယ်။

``တကယ်တော့ ငြိမ်းချမ်းရေးဟာ ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ အခန်း ကဏ္ဍမှာ အလွန်အရေးပါပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နှစ် ၆၀ လောက် ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ် မီးတောက်လောင်မှုကြောင့် ကျွန်တော်တို့ တိုင်းရင်းသားတွေ အခုထိ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ တောင်သူမဲ့၊ လယ်ယာမဲ့ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် ကျွန်တော်ငယ်ငယ်ကတည်းက အဲ့ဒီစစ်ဖြစ်ပွားမှုအတွင်းမှာပဲ ကြုံလာခဲ့ရတယ်။ ကြောက်လည်း ကြောက်ခဲ့ရတယ်။ ညဆိုလည်း အိမ်အောက်မှာ အိပ်ရတယ်။ အိမ်ပေါ်မှာ မအိပ်ရဘူး။ ကျောင်းတက်ပြီဆိုတာလည်း စာလည်းမကျက်ခဲ့ရဘူး။

ကျောင်းရောက်ပြန်တော့လည်း ဆရာမက တုတ်နဲ့ ခြိမ်းခြောက်ပြန်ရော။ အဲဒီအတွေ့ အကြုံလေးတွေ ခံစားခဲ့ရတယ်။ ကျွန်တော်အခုအချိန်ထိ အမေစုနား၊ အမေစုရှေ့မှာ ရောက်နေလည်း ကြောက်စိတ်တွေနဲ့ပဲ အသက်ရှင်နေရတာပါ။
``ကျွန်တော်နဲ့တကွ ကျွန်တော်တို့ရဲ့ တိုင်းရင်းသားအားလုံးပါပဲ။ အခုအချိန် အထိ ကျွန်တော်တို့ ရင်ထဲမှာ အမြစ်တွယ်နေတာဟာ ကြောက်စိတ်တစ်ခုပါပဲ။ ဒါကို နားလည်ပေးပါလို့ ကြိုပြီး မေတ္တာရပ်ခံချင်ပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသား တွေဟာ အင်မတန်ရိုးသားပါတယ်။ ဘယ်လောက်ရိုးသားသလဲဆိုရင် ကျွန်တော်တို့ တိုင်းရင်းသားတွေ ကိုယ်တိုင်လုပ်တဲ့ ထမင်း၊ ဟင်းတွေကိုတောင်မှ ကျွန်တော်တို့ မကောင်းတဲ့ဟာပဲစားပြီး လူကြီးတွေ၊ အစိုးရတွေကို ကျွန်တော်တို့ ထမင်းကောင်း ကောင်းလေးနဲ့ ရောင်းချပေးနေပါတယ်။

``ဒါကြောင့် ကျွန်တော်တို့ ထမင်း၊ ဟင်းကောင်းတဲ့ဟာကို ၀ယ်စားတာနဲ့ အတူတူ မကောင်းတဲ့ ထမင်း၊ ဟင်းကိုလည်း ၀ယ်စားပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်။ ပြည်တွင်းစစ်ကြောင့်လည်း ကျွန်တော်တို့ လူငယ်တွေ၊ ဒေသခံတိုင်းရင်းသားတွေ၊ တောင်ပေါ်ဒေသသားတွေ ကြောက်စိတ်နဲ့ ကျွန်တော့်လိုမျိုးပဲ အများကြီး ကြုံနေရပါ တယ်။ ဒါတွေကို ကျွန်တော်တို့ တိုင်းရင်းသားလူငယ်တွေနဲ့တကွ တိုင်းရင်းသားရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ကို ဆွဲဆောင်၊ ဆွဲခေါ်ပေးဖို့။ ပြီးတော့ ကျွန်တော်တို့ရဲ့ ပြည်တွင်းစစ်အနေနဲ့ ဒီပြောင်းလဲချိန်တန်ပြီဆိုတာကို ဒီအဖွဲ့အ စည်းတွေ၊ ဒီလက်နက်ကိုင်တပ်ဖွဲ့တွေလည်း ကျွန်တော်တို့ရဲ့ ပြောင်းလဲချိန် မတန်သေး ဘူးလားလို့ဆိုတာကို ကျွန်တော်တို့ရဲ့ တိုင်းရင်းသားတွေကိုယ်စားမေးချင်ပါတယ်´´ ဟု ဆွေးနွေးသည်။

ဒေါ်နှင်းနုဝေ (စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ) က `` ကျွန်မ ဆွေးနွေးမယ့် အကြောင်းအရာကတော့ ပြည်နယ်အတွင်း ငြိမ်းချမ်းရေးဖြစ်စဉ် ဖြစ်ပါတယ်။ ပထမဆုံး အနေနဲ့ ငြိမ်းချမ်းရေးဆိုတာ နိုင်ငံအတွင်းမှာ ဖြစ်စေ၊ ပြည်နယ်အတွင်းမှာ ဖြစ်စေ ၊ မတူကွဲပြားတဲ့ အသင်းအဖွဲ့တွေ၊ လူငယ်တွေ အချင်းချင်း အပြန်အလှန် ယုံကြည် လေးစားမှု၊ ပွင့်လင်းမြင်သာမှုရှိမှသာလျှင် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်။
`` ပြီးရင် ပြည်နယ်၊ တိုင်း ငြိမ်းချမ်းမှ တိုင်းပြည် အေးချမ်းမယ်ဆိုတဲ့အတွက် ကြောင့်လည်း စစ်ပွဲတွေ ရပ်ပေးနိုင်ရင်လည်း အကောင်းဆုံးပဲဖြစ်ပါတယ်။ ပြီးတော့ လူတိုင်း၊ လူတိုင်းဟာ ငြိမ်းချမ်းရေးကို လိုချင်နေကြတယ်။ ဒါပေမယ့်လည်း တစ်ဖက်မှာ လည်း တစ်ကိုယ်ကောင်းဆန်မှုတွေ၊ အာဏာတပ်မက်မှုတွေ၊ အကျိုးစီးပွားတွေ ယှဉ်ပြိုင်နေတဲ့အတွက်ကြောင့်လည်း ငြိမ်းချမ်းရေးဟာ လူတွေနဲ့ ဝေးကွာသွားခဲ့ရတယ်။ ဒါကြောင့်မို့ ဒီလိုမျိုး နာကြည်းမှုတွေ၊ မုန်းတီးမှုတွေရှိနေသရွေ့တာ့ ငြိမ်းချမ်းရေးကို ဘယ်တော့မှ ရရှိနိုင်မှာမဟုတ်ပါဘူး။

``ဒါကြောင့်မို့ ပြည်သူတွေအချင်းချင်း ချစ်ခြင်းမေတ္တာတွေပွားပြီးမှ တစ်ဦးအ ပေါ်တစ်ဦး ချစ်ခြင်းမေတ္တာတွေပွားပြီး အချစ်တွေမျှဝေပေးဖို့လည်း လိုအပ်ပါတယ်။ ပြီးတော့လည်း အခုအချိန်မှာဆိုရင် အမေစုဦးဆောင်တဲ့ အမျိုးသားပြန်လည်သင့်မြတ် ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်တဲ့အသင်းအဖွဲ့တွေ၊ ပြီးရင် ငြိမ်းချမ်းရေးစကားဝိုင်းတွေ အများကြီးပြုလုပ်လာတဲ့အတွက်ကြောင့်လည်း ပြည်နယ်အတွက်သာမကဘူး၊ နိုင်ငံ အတွက်လည်း ငြိမ်းချမ်းရေးကို ဦးတည်သွားနေပြီဆိုတာလည်း ပြည်သူတွေ အသိပဲ ဖြစ်မှာပါ။
`` ပြီးတော့လည်း အမှန်တကယ်ကို ငြိမ်းချမ်းရေး ဖော်ဆောင်မယ်ဆိုရင် ကျွန်မတို့ပြည်သူအချင်းချင်း စည်းလုံးညီညွှတ်ဖို့လိုတယ်။ ပြီးတော့ယုံကြည်လေး စားမှုလည်းလိုတယ်။ ပြီးရင် အပြန်အလှန်ဆွေးနွေးရင်း ညှိနှိုင်းမှုနဲ့ အမှန်တကယ် အလုပ်လုပ်မှသာလျှင် ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ဆောင်နိုင်မှာဖြစ်ပါ တယ်။
``အခုခေတ်အရကြည့်မယ်ဆိုရင် ကျွန်မတို့နိုင်ငံဟာ ဒီမိုကရေစီအသွင် ကူးပြောင်းနေပြီဖြစ်တဲ့အတွက်ကြောင့်လည်း NCA ဟာ ပြည်သူတစ်ရပ်လုံးအတွက် အတော်ကို အရေးပါလာခဲ့ပါတယ်။ အခုဆိုရင် NCA မှာဆိုရင် လက်မှတ်ရေးထိုး ပြီးတဲ့အဖွဲ့ ၈ ဖွဲ့နဲ့ မရေးထိုးရသေးတဲ့အဖွဲ့ ၁၃ ဖွဲ့ဆိုပြီး ရှိပါတယ်။ ပြီးတော့ ကယား ပြည်နယ်မှာဆိုရင်တော့ KNPP က လက်မှတ်မရေးထိုးရသေးတဲ့အဖွဲ့ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီနိုင်ငံမှာရှိတဲ့ တပ်မတော်အနေနဲ့လည်း တပ်မတော်ဆိုတာ မိမိနိုင်ငံနဲ့ ပြည်သူတွေကို အစဉ်အမြဲကာကွယ်ပေးသွားမယ်လို့လည်း ကျွန်မ ယုံကြည်ပါတယ်။

``ဒါ့ပြင် NCA မှာ ပါဝင်တဲ့ သဘောတူညီချက်တွေကိုလည်း အများပြည်သူသိရှိ အောင် ကျယ်ကျယ်ပြန့်ပြန့် ချပြပေးဖို့လည်း လိုအပ်တယ်လို့ ထင်ပါတယ်။ ကျွန်မ အခု လို ငြိမ်းချမ်းရေးစကားဝိုင်းမှာ ဆွေးနွေးခွင့်ရတဲ့အတွက်ကြောင့်လည်း အလွန်ကို ၀မ်းသာပါတယ်။ ဒီထက်ပိုပြီးတော့လည်း တပ်မတော်သားလူငယ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်လူငယ်တွေ၊ တကယ့်ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ဆောင် တဲ့လူငယ်တွေလည်း အများကြီးရှိပါသေးတယ်။ အဲဒီလူငယ်တွေကိုလည်း ဒီ ငြိမ်းချမ်း ရေး စကားဝိုင်းမှာ ပါဝင်ဆွေးနွေးစေချင်ပါတယ်။ ဒါမှသာလျှင် ကျွန်မတို့အားလုံး လို လားတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီလမ်းစဉ်ကို ကျွန်မတို့ လျှောက်လမ်းသွားမယ်လို့ ယုံကြည် ပါတယ် ´´ဟု ဆွေးနွေးသည်။

ဦးစိုးရာဇာဝင်း (စာရေးဆရာ)က `` နိုင်ငံတော်သီချင်းမှာ များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့ ခွင့်တူညီမျှ ၀ါဒဖြူစင်တဲ့ပြည်ဆိုတာ ပါပါတယ်။ မငြိမ်းချမ်းခြင်းရဲ့ ရင်းမြစ်ကို ရှာလိုက်ရင် မငြိမ်းချမ်းတာဟာ ခွင့်တူညီမျှတွေ မရှိခဲ့ကြဘူး၊ သာတူညီမျှ တွေ မရှိခဲ့ကြဘူး၊ နိုင်ငံရေးမူဝါဒတွေ မဖြူစင်ခဲ့ကြဘူးလို့ အနက်ကောက်လို့ရပါတယ်။ ငြိမ်းချမ်းလာတဲ့အခါမှာ ငြိမ်းချမ်းလာတာနဲ့ တစ်ပြိုင်နက် ခွင့်တူညီမျှမှုတွေ ရှိလာမယ်၊ ၀ါဒဖြူစင်မှုတွေနဲ့အတူ အားလုံးလိုလားနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်မယ်လို့ အောက်မေ့ပါတယ်။

``လွန်ခဲ့တဲ့ရက်ပိုင်းက ကျွန်တော်တို့ပြည်နယ်မှာ ဖြစ်သွားခဲ့တဲ့ လက်နက်ကိုင် အဖွဲ့နဲ့ တပ်မတော်ရဲ့ ပဋိပက္ခ အဖြစ်အပျက်ဆိုရင် ပြည်သူလူထုကြားထဲမှာ တော်တော်လေးကို စိုးရိမ်ကြောက်လန့်မှုတွေ ဖြစ်သွားပါတယ်။ ငြိမ်းချမ်းရေး ရောင်နီသန်းခါမှ ပြန်ပြီးမိုးချုပ်သွားမလားတောင် စိုးရိမ်မှုတွေရှိလာတာလဲရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ငြိမ်းချမ်းလာပြီဆိုတာနဲ့ တစ်ပြိုင်နက် ပထမဦးဆုံးခံစားရမှာက အကြောက်တရားတွေကင်းစင်မယ်၊ နောက်တစ်ခါ တရားဥပဒေစိုးမိုးမှုပါပဲ။ ငြိမ်းချမ်းခြင်းနဲ့ တရားဥပဒေစိုးမိုးမှုကင်းမဲ့ခြင်းဟာ တိုက်ရိုက်အချိုးကျ နေတယ်လို့ အောက်မေ့ပါတယ်။
``ဒါကြောင့် ကျွန်တော်တို့ ပြည်နယ်မှာဆိုရင် ကိုယ်ငါးချဉ်မို့ ကိုယ်ချဉ်တာတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ ပြည်နယ်တော်တော်လှတာ အမေလည်းသိပါတယ်။ ကျွန်တော်တို့ ဒီပြည်နယ်မှာ တစ်ဖက် ထိုင်းနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတယ်။ ထိစပ်တဲ့အခါမှာ မယ်စဲ့နဲ့ ထိုင်းနိုင်ငံကို နယ်စပ်ကုန်သွယ်ရေးစခန်းကို ဖွင့်ထား တယ်။ သို့သော်လည်း တိုးတက်မှုနှုန်းမရှိပါဘူး။
``တစ်ဖက်က ရင်းနှီးမြှုပ်နှံမှုတွေ မရောက်လာပါဘူး။ နောက်တစ်ခါ သံလွင်မြစ် ကမ်းပေါ့။ ရှားတောမြို့ကနေ တံတား တစ်ဖက်ထိုင်းနိုင်ငံနဲ့ အလွယ်တကူ သွားလို့ ရနိုင်တဲ့တံတားမျိုး ဆောက်နိုင်တဲ့အခွင့်အရေးတွေရှိပါတယ်။ ငြိမ်းချမ်းမှု၊ လုံခြုံမှုမရှိ တဲ့အတွက် ဒီလိုဖွံ့ဖြိုးမှုတွေ နှောင့်နှေးနေတယ်။ ဆရာကြီးဦးအောင်သင်း ပြောဖူးတာရှိ ပါတယ်။ စစ်ပွဲဖြစ်ရင် ပထမဦးဆုံး ပိတ်လိုက်ရတာ စာသင်ကျောင်း၊ နောက်ဆုံးမှ ပိတ် တာ ရဲစခန်း။ စစ်ပွဲတွေပြီးသွားရင် ပထမဦးဆုံးပြန်ဖွင့်တာ ရဲစခန်း၊ နောက်ဆုံးမှာဖွင့်တာ စာသင်ကျောင်းဆိုတော့ ပညာရေးနဲ့ ပတ်သက်ပြီး နှောင့်နှေးခဲ့ရတာဟာ ငြိမ်းချမ်းမှု ဖြစ်စဉ်တွေ မရှိခဲ့ကြလို့ဖြစ်ပါတယ်။

``တကယ်လို့ ပြည်နယ်တစ်ခုလုံး ငြိမ်းချမ်းရေးသွားပြီဆိုရင် လွိုင်ကော်မြို့ တင်မက အနီးအနားမြို့ရွာများပါ မိမိနယ်ကနေ နေ့ချင်းပြန် လွိုင်ကော်မြို့ကိုလာပြီး တော့ ကျောင်းတက်နိုင်တဲ့ပညာသင်ယူနိုင်တဲ့ အခွင့်အလမ်းတွေရလာမယ်လို့ အောက် မေ့ ပါတယ်။
``ငြိမ်းချမ်းမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြည်ထောင်စုတစ်ခုလုံးခံစားရမယ့် အသီး အပွင့် တစ်ခုကတော့ အားလုံးလိုလားနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကြီးကို တည်ဆောက်နိုင်မယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ဆိုတာကလည်း ငြိမ်းချမ်းမှု ဖြစ်စဉ်မရဘဲနဲ့ ဘယ်လိုနည်းနဲ့မှ တည်ဆောက်ဖို့မရနိုင်ဘူးဆိုတာလည်း ကျွန်တော် ပြည်သူတစ်ယောက်အနေနဲ့ ဒီလိုခံယူပါတယ်။
``ဒါကြောင့် ဒီနေ့ အမေစုဦးဆောင်ပြီးတော့ အစိုးရအဖွဲ့ ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဟာ ဒီနေ့ ငြိမ်းချမ်းမှုကို ဖော်ဆောင်ပေး နိုင်မယ်ဆိုရင် ဒီနေ့ အနာဂတ်ဟာ မျိုးဆက်သစ်တွေကို မကြုံစဖူး အကောင်းဆုံးလက် ဆောင်မွန်ကြီးကို ပေးလိုက်နိုင်မယ်။ နှစ်ပေါင်း ၆၀ လောက် မျက်စိလည်လမ်းမှားနေတဲ့ ငြိမ်းချမ်းရေး ဂျိုးဖြူငှက်ကြီးဟာ ဒီနေ့ ဒီအချိန်မှာ ကျွန်တော်တို့ မြင်ချင်တဲ့ သံလွင်ခက်ကြီးကို ကိုက်ချီပြီးတော့ ကျွန်တော်တို့ဆီ သယ်ဆောင်လာဖို့ဆိုရင် ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိတယ်လို့ အောက်မေ့ပါတယ်´´ဟု ဆွေးနွေးသည်။

ဒေါ်မို့မို့ထင်ဇော်မွန် (ပုဂ္ဂလိကလုပ်ငန်းမှ ၀န်ထမ်း )က `` ကျွန်မဆွေးနွေးမယ့် အကြောင်းအရာကတော့ အမျိုးသမီးနှင့် ငြိမ်းချမ်းရေးကဏ္ဍ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကဏ္ဍတွေမှာဆိုရင် ကျွန်မတို့အမျိုးသမီးတွေပါဝင်မှု အင်အားတွေနည်း ပါးနေပါတယ်။ ကျွန်မတို့ ပြည်နယ်အနေနဲ့ ကြည့်မယ်ဆိုရင် ပြည်နယ် မငြိမ်းချမ်း လို့ရှိရင် ဒုက္ခအရောက်ဆုံးကတော့ အမျိုးသမီးတွေပဲဖြစ်ပါတယ်။ စစ်တွေဖြစ်လာခဲ့ လို့ရှိရင် စစ်ဘေးဒဏ်ကြောင့် ဒုက္ခိတတွေ ဖြစ်ကြတယ်။ အမျိုးသမီးတွေ လင်တကွဲ၊ သားတကွဲဖြစ်ကြတယ်။ အမျိုးသမီးငယ်တွေ လိင် ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ ခံရပါတယ်။ အခု ကျွန်မတို့ ကယားပြည်နယ်မှာ ငြိမ်းချမ်းရေးကို အပြည့်အ၀ မရရှိသေးပါဘူးရှင့် ။ ကန့်သတ်နယ်မြေတွေ အခုထိရှိသေးပါတယ်။

``အရင်က ကျွန်မတို့ပြည်နယ်မှာ ငြိမ်းချမ်းရေးအပြည့်အ၀မရရှိတဲ့အတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးတွေက တိုးတက်မှုတွေ နိမ့်ကျခဲ့တဲ့ အခါကျတော့ ကျွန်မတို့ အမျိုးသမီးလူငယ်တွေအတွက်အလုပ်အကိုင်တွေ မပေးနိုင် ပါဘူးရှင့်။
``နောက်တစ်ခါ ပညာရေးသင်တန်းတွေဖွင့်ထားပေးပေမယ့် လမ်းပန်း ဆက် သွယ်ရေးမကောင်းလို့ အမျိုးသမီးငယ်တွေအတွက် လုံခြုံရေးမရှိတဲ့အခါကျတော့ ကျွန်မတို့ ခေတ်တုန်းက ဘွဲ့ရအလုပ်လက်မဲ့တွေများပါတယ်ရှင့်။ တစ်ချို့ဆိုရင် ပညာကို ဆုံးခန်းတိုင်အောင် မသင်ရပါဘူးရှင့်။ အဲဒီလိုမျိုးတွေရှိခဲ့ပါတယ်ရှင့်၊ ယခုအခါ ၀န်ကြီးချုပ် ဦးဆောင်ပြီးတော့ သင်တန်းတွေဖွင့်ထားပေးပါတယ်။ ကျယ်ကျယ်ပြန့်ပြန့် လုပ်ထားပေးတယ်။ ကျွန်မတို့ ပြည်နယ်တိုးတက်အောင် ငြိမ်းချမ်းရေး အဓိကလိုအပ် တယ်။
``ကျွန်မတို့ ပြည်နယ်တိုးတက်အောင်လုပ်ဖို့ ပြည်နယ်သားတိုင်းမှာ တာဝန်ရှိပါ တယ်ရှင့်။ အမျိုးသမီးတွေပါဝင်နိုင်ဖို့ အဓိက အခက်အခဲက အလုပ်အကိုင်အခွင့်အလမ်း တွေလို့မြင်ပါတယ်ရှင့်။ ကျွန်မတို့ မြို့ပေါ်မှာကြည့်မယ်ဆိုရင် လူငယ်တွေက အလုပ် လက်မဲ့တွေ များပါတယ်။ ဆွေးနွေးပွဲအတွက် ပါဝင်နိုင်မှု အင်အားတွေလည်း နည်းပါတယ်ရှင့်။ အမျိုးသမီးတွေအတွက် ဘာလိုမျိုးလဲဆိုရင် နိုင်ငံရေးလုပ်တယ်၊ ခေါင်းဆောင်လုပ်မယ်၊ ငြိမ်းချမ်းရေးအတွက်ဆွေးနွေးမယ်ဆိုရင် ရှေးလူကြီးတွေက နိုင်ငံရေးတွေမလုပ်နဲ့ နိုင်ငံရေးက အမျိုးသမီးနဲ့မသက်ဆိုင်ဘူး။

`` ကယားပြည်နယ်က အမျိုးသမီးတွေပြောချင်တာ က အမေစုလိုခေါင်းဆောင် ကောင်းတွေဖြစ်လာအောင်၊ ခေါင်းဆောင်နိုင်တဲ့အမျိုးသမီးတွေဖြစ်လာအောင် လမ်းတွေ ဖွင့်ထားပေးဖို့ ၀င်ရောက်ပါဝင်ဆွေးနွေးတာဖြစ်ပါတယဆွေးနွေးသည်။
ဦးဖရားရယ်ရီးလို (ပြည်နယ်လွှတ်တော်ဝန်ထမ်း) က `` ကျွန်တော်ဆွေးနွေး ချင်တဲ့အကြောင်းက အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးအကြောင်းပါ။ အမျိုးသားပြန်လည်သင့်မြတ်ရေးပြောပြော၊ အမျိုးသားစည်းလုံးညီညွှတ်ရေးပဲပြောပြော၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးပြောပြော၊ ဒါတွေက ငြိမ်းချမ်းရေးလုပ်တဲ့အခါမှာ အရေးကြီးတယ်ဆိုတဲ့ အကြောင်းကို ဆွေးနွေးချင်ပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲကြေညာစာတမ်းမှာ အမျိုးသားရေးကို ရှေ့တမ်းတင်ထား တာ လည်း သိထားတာ ရှိပါတယ်။

``နောက်တစ်ခုက တကယ့်လက်တွေ့မှာလည်း အမျိုးသားပြန်လည်သင့်မြတ် ရေးက အရေးကြီးတယ်ဆိုတဲ့အကြောင်းကို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဥက္ကဋ္ဌ အနေနဲ့ ဦးဆောင်ပြီး ဖွဲ့ထားတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ကို ကြည့်ခြင်းအားဖြင့်လည်း သိနိုင်ပါတယ်။

``အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဟာ ပြည်ထောင်စုအဆင့်မှာ အရေးကြီးသလို ပြည်နယ်တွေမှာလည်း အရေးကြီးပါတယ်။ ပြည်နယ်နဲ့ တိုင်း ဒေသကြီးတွေမှာလည်း အရေးကြီးတယ်။ ပြည်ထောင်စုအဆင့်မှာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် သို့မဟုတ် တခြားပုဂ္ဂိုလ်တွေ ရှိသလိုမျိုး ကျွန်တော်တို့ ပြည်နယ် တွေ၊ ဒေသတွေမှာရှိသင့်ပါတယ်။ ဥပမာ- ဒေသတွေကို တစ်စိတ်တစ်ပိုင်း ငြိမ်းချမ်းရေး ပတ်သက်တဲ့အခါမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးပတ်သက်တဲ့အခါမှာ ဒေသတွေ၊ အစိုးရတွေကို အာဏာရှိတဲ့ပုဂ္ဂိုလ်တွေကို တစ်စိတ်တစ်ပိုင်း တာဝန်ပေးသလိုမျိုး ဘတ်ဂျက်တွေရေးဆွဲတဲ့အခါမှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ဘတ်ဂျက်ထည့် သွင်းရေးဆွဲမလား၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ ပတ်သက်တဲ့ ဘတ်ဂျက်ရေး ဆွဲမလား၊ ဒါတွေက ကျွန်တော်ရဲ့ ကိုယ်ပိုင်အတွေးအခေါ်တွေပါ ဒီထက်ကောင်းတဲ့ အတွေးအခေါ်လမ်းစဉ်တွေအများရှိမယ်လို့လည်း မျှော်လင့်ပါတယ်။

``ကျွန်တော်တို့ ဒေသမှာလည်းအမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လုပ်နေ တဲ့ အဖွဲ့အစည်းတွေ လုပ်နေတဲ့လူပုဂ္ဂိုလ်တွေရှိပါတယ်။ ဥပမာ- ဒီဇင်ဘာလ ၁၆ ရက်နေ့က ပါတီတစ်ခုဖြစ်တဲ့ ကယန်းအမျိုးသားပါတီရဲ့ ထုတ်ပြန်ကြေညာချက် ထဲမှာ အမျိုးသားစည်းလုံးညီညွှတ်ရေးဆိုတာမျိုးပါပြီး ထုတ်ပြန်ကြေညာထားပါတယ်။
``အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ပြည်နယ်အစိုးရတွေက အများကြီး မဟုတ်ရင်တောင်မှ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဟာ အရေးကြီး နေတယ်ဆိုတာကို နည်းနည်း ထည့်စဉ်းစားပေးမယ်ဆိုရင် ကျွန်တော်တို့လုပ်ဆောင် နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေး ဒီထက်ပိုပြီး တော့မှ ခရီးပေါက်မယ်၊ ဒီထက်ပိုပြီးတော့ခိုင်မာမယ်လို့ ယုံကြည်ပါတယ်။

``အမျိုးသားပြန်လည်သင့်မြတ်ရေးက ဘာလို့ အရေးကြီးတယ်လို့ပြောနေရတာ လည်းဆိုရင် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ပျက်ပြားစေတဲ့ အပြုအမူမျိုးတွေ လုပ် ဆောင်ခြင်းမျိုးတွေ သမိုင်းနဲ့ ချီပြီးရှိခဲ့လို့ပါ။ အခုလည်းရှိနေပါတယ်။ ဥပမာ ရှမ်း ပြည်နယ်မှာ နိုင်ငံရေးဆွေးနွေးပွဲလုပ်တဲ့ကိစ္စတွေပဲဖြစ်ဖြစ်၊ ပြည်နယ်မှာပဲဖြစ်ဖြစ် အခု လည်း အမျိုးသားပြန်လည်သင့်မြတ်ရေးကို ပျက်ပြားစေတဲ့ အပြုအမူတွေလည်း တွေ့နေရပါတယ်။ ဒါတွေက အမျိုးသားပြန်လည်သင့်မြတ်ရေးကို လျစ်လျူရှုဖို့ မသင့်ဘူး၊
အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဆွဲခေါ်ဖို့သင့်တဲ့ အကြောင်းပြ ချက်ဖြစ်ပါတယ်။ တကယ်လို့ အမျိုးသားပြန်လည်သင့်မြတ်ရေးတွေရှိလာမှပဲ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးမှု တွေရှိလာမယ်။ တိုင်းရင်းသားတွေ လိုလားတောင့် တနေကြတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတွေလည်း ပိုပြီးတော့မှ အားကောင်း ခိုင်မာလာမယ်လို့ ဆွေးနွေးချင်ပါတယ်။
``ငြိမ်းချမ်းရေးသွားတဲ့လမ်းကြောင်းမှာ ဒါမှမဟုတ် ငြိမ်းချမ်းရေးလုပ်တဲ့အခါမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးဟာ အရေးကြီးတယ်။ လျစ်လျူရှုဖို့မသင့်ဘူးလို့ ကျွန်တော် ဆွေးနွေးချင်ပါတယ် ´´ဟု ဆွေးနွေးသည်။

ဒေါ်အော်လေးဗီယာ (ကယောစာပေနှင့်ယဉ်ကျေးမှုတာဝန်ခံ)က ``ကျွန်မတို့ပြည်သူတွေ လိုချင်တာက ငြိမ်းချမ်းရေးနဲ့ ဖွံဖြိုးရေးကို အဓိက လိုချင် တာပေါ့။ ကျွန်မအဓိက ပိုပြီးဆွေးနွေးချင်တာက စာပေနဲ့ယဉ်ကျေးမှုမှာ တိုင်းရင်းသား အသီးသီးမှာ စာပေနဲ့ ယဉ်ကျေးမှုရှိပါတယ်။ စာပေနဲ့ ယဉ်ကျေးမှုလို့ပြောလိုက်ရင် နားထောင်လို့ အရမ်းကောင်းတယ်။ ဒါပေမဲ့ မလုပ်ချင်ကြဘူး။

`` စာပေနဲ့ ယဉ်ကျေးမှုလုပ်ရင် တော်တော်လေးကို ကြိုးစားရတယ်။ အစိုးရ ၀န်ထမ်းလိုမျိုးလည်း လစာမရဘူး၊ ကိုယ်လူမျိုးကို ချစ်လို့သာပဲ စာပေ မပျောက် အောင်လို့ လုပ်ပေးနေရတာဖြစ်ပါတယ်။ ဒီလိုမျိုးလုပ်နေတဲ့အချိန်မှာ နိုင်ငံတော်အနေနဲ့ တိုင်းရင်းသားစာပေသင်ကြားခွင့်ဆိုပြီးတော့မှ ရှိလာပြီ၊ ကျွန်မတို့ အားမရတာက စာပေသင်ကြားခွင့်ရှိလာပေမယ့် ကျွန်မတို့ကို သင်ကြားရေးအပိုင်းမှာ၊ စာပေကိုပြုစုတဲ့နေရာမှာ နည်းပညာရှင်ကို များများပံ့ပိုးပေးဖို့လိုတယ်။ ကျွန်မတို့ တိုင်းရင်းသားစာပေသင်ကြားတဲ့အချိန်မှာလည်း လိုအပ်တဲ့ သင်ထောက်ကူပစ္စည်းတွေ၊ ကလေးတွေကို ကိုယ့်တိုင်းရင်းသားစာပေတွေကို ထိထိမိမိ ရနိုင်မယ့်အခွင့်အရေး မျိုးတွေ သင်ကြားရေးအထောက်အကူပစ္စည်းမျိုးတွေ ပံ့ပိုးပေးဖို့လိုအပ်ပါတယ်။
``အခုလက်ရှိအခြေအနေဆိုရင် သင်ကြားခွင့်ရရင်ပြီးရောဆိုတဲ့သဘောမျိုး ဖြစ်နေတာ။ ဒါက ကျွန်မရဲ့အမြင်ပေါ့။ တစ်ချို့ကျောင်းတွေမှာဆိုရင် ကျောင်းပြင်ပ အချိန်မှာဖြစ်တဲ့အတွက် ဆရာ၊ ဆရာမတွေက ပိုလို့တောင် တိုင်းရင်းသားစာပေကို အလေးမထားဘူး။
တိုင်းရင်းသားစာသင်နေတဲ့အချိန်မှာ အခန်းတော့ပေးတယ်၊ ဆော့ပင်တွေ၊ လိုတာတွေတော့မပေးဘူး။ ကိုယ့်နည်းကိုယ်ဟန်နဲ့ဆို စာပေနဲ့ယဉ်ကျေးမှုတွေက ဘာဝင်ငွေမှမရှိပါဘူး။ ကျွန်မတို့ ကိုယ်ရဲ့လူမျိုးထဲမှာရှိတဲ့ တတ်နိုင်တဲ့ လူတွေကိုပဲ အလှူခံပြီး ဒီကလေးတွေအတွက်၊ လူမျိုးအတွက် ကြံဖန်ပြီး တော့လုပ်နေရတာပေါ့နော်။
`` မြန်မာပြည်မှာရှိတဲ့ တိုင်းရင်းသားတွေရဲ့ကိုယ်စား တိုင်းရင်းသားစာပေကို လည်း ထိထိမိမိ ပံ့ပိုးပေးပါ။ နည်းပညာအပိုင်းမှာပဲဖြစ်ဖြစ်၊ သင်ထောက်ကူ အပိုင်းမှာပဲဖြစ်ဖြစ၊် ဆရာမတွေကို အရည်အချင်း ပြည့်ပြည့်၀၀ဖြစ်ဖို့ ပံ့ပိုးပေးပါလို့ ကျွန်မအနေဖြင့်ဆွေးနွေးချင်ပါတယ်ရှင့်´´ ဟု ဆွေးနွေးသည်။

ကယားပြည်နယ် ဒေသခံလူငယ်များ၏ ဆွေးနွေးမှုများနှင့်ပတ်သက်၍ နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဆွေးနွေးသည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် online မှ မေးမြန်းလာ သည့်မေးခွန်းများကို ဖြေကြားခဲ့သည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ငြိမ်းချမ်းရေးစကားဝိုင်းသို့ တက် ရောက်ဆွေးနွေးကြသည့် ကယားပြည်နယ် ဒေသခံလူငယ်များနှင့်အတူ စုပေါင်းမှတ် တမ်းဓာတ်ပုံ ရိုက်သည်။

အဆိုပါငြိမ်းချမ်းရေးစကားဝိုင်းသို့ ပြည်ထောင်စုဝန်ကြီးများ၊ ကယားပြည်နယ် ၀န်ကြီးချုပ်၊ ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ကယားပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ကယားပြည်နယ်လွှတ်တော်ကိုယ်စား လှယ်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများ၊ ပြည်နယ်အဆင့်/ ခရိုင်အဆင့်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လွိုင်ကော်၊ ဒီမော့ဆို၊ ဖရူဆို၊ ရှားတော နှင့် ဘောလခဲမြို့နယ်တို့မှ ဒေသခံများ၊ NGOs ၊ INGOs များ၊ ဘာသာရေးအသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကင်းထောက်လူငယ်၊ သူနာပြု၊ သားဖွားနှင့် အဆင့်မြင့်ပညာမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်နားထောင်ခဲ့ကြသည်။

Myanmar State Counsellor Office
https://www.facebook.com/state.counsellor/
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကယားပြည်နယ် ဒေသခံလူငယ်များ ငြိမ်းချမ်းရေးစကားဝိုင်းကျင်းပ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကယားပြည်နယ် ဒေသခံလူငယ်များ ငြိမ်းချမ်းရေးစကားဝိုင်းကျင်းပ Reviewed by THITHTOOLWIN on 20:31 Rating: 5
Powered by Blogger.