တနှစ်ကျော် ခွဲနေပြီးမှ ရတဲ့ ကလေး အတွက် အမျိုးသား က ကလေးစားရိတ် ပေးရ

သူ့အဖေ ကို အသိမပေးပဲ ဖန်ပြွန်သန္ဓေသားလောင်း ကနေ မွေးတဲ့ ကလေး က အခုဆို အသက် ၂ နှစ်ရှိနေ
ဂျပန်နိုင်ငံမှာ အမျိုးသမီးတယောက် က သူ့ အမျိုးသား နဲ့ တနှစ်ခွဲလောက် ကွဲကွာနေပြီး နောက်ပိုင်းမှ ကလေး ရတယ်၊ အဲဒီ ကလေး က အခုန အမျိုးသား ရဲ့ သမီး ဖြစ်တဲ့အတွက် ကလေးစောင့်ရှောက် စားရိတ် တောင်းတယ်၊ အမျိုးသားဖက်က မပေးတော့ တရားရုံးတက်ကြရမှာ တရားရုံးကလည်း ကလေးစားရိတ်ပေးစေ ဆိုပြီး ဆုံးဖြတ်ချက်ချပေးလိုက်ပါတယ်။

နဲနဲများ ရှုပ်ထွေးသွားနိုင်ပါတယ်၊ ဖြစ်ပုံက ဒီလိုပါ။

အဲဒီအမျိုးသားနဲ့အမျိုးသမီး ဟာ အရင် က စုံတွဲပါ ၊ လက်ထပ်လည်း ပြီးပါပြီ၊ ဒါပေမယ့် လွန်ခဲ့တဲ့ ၃ နှစ်ခွဲလောက် ကတည်း က အတူမနေကြတော့ဘူး ဆိုပြီး ခွဲနေ ကြတဲ့စုံတွဲပါ။

အဲလို ခွဲနေ ကြပြီးနောက်ပိုင်းမှာမှ အရင် က သူတို့ ၂ ယောက် သဘောတူ လုပ်ထားပြီး အေးခဲထားတဲ့ ဖန်ပြွန်သန္ဓေသားလောင်း ကို အမျိုးသမီး က အမျိုးသား ကို အကြောင်းလည်းမကြား၊ သဘောတူမတူ မမေးမြန်းပဲ သူ့ ဘာသူ သူ ကိုယ်ဝန်ယူ လိုက်ပါတယ်။

အဲလိုနဲ့မွေးလာတဲ့ သမီးလေး ဟာ အခုတော့ ၂ နှစ်သားအရွယ်ရှိနေပါပြီ။

အမျိုးသား ကတော့ ဒီကလေးဟာ ဇီဝဗေဒ သဘောအရ သူ့သမီး ဆိုတာ လက်ခံပေမယ့် သူ့ ဆန္ဒမပါပဲ ကလေးယူတယ်၊ ခွဲလည်း ခွဲနေ ကြပြီးဖြစ်တော့ အဲဒီ ကလေးစားရိတ် သူ တာဝန်မယူနိုင်ဘူး ဆိုပြီး ငြင်းတာပါ။

တရားရုံးကတော့ ဒါဟာ ဇီဝဗေဒ သဘောအရလည်း သူ့ ကလေးဖြစ်တယ်၊ နောက်ပြီး သူတို့ ၂ယောက်က ခွဲသာနေကြတာ၊ ကွာရှင်းပြတ်စဲတဲ့ စာချုပ်လည်း မချုပ်ရသေးတော့ လက်ထပ်ထားတာ က အတည်ဖြစ်နေတုန်းပဲ၊ ဒါ့ကြောင့် ဒီကလေးစားရိတ် ကို ပေးဖို့ အမျိုးသားမှာ တာဝန်ရှိတယ်လို့ ဆုံးဖြတ်တာပါ။

ဖန်ပြွန်သန္ဓေသားလောင်းထိန်းသိမ်းပေးတဲ့ ဌာန က လည်း အဲဒီ သန္ဓေသားလောင်း ကို ကာယကံရှင်တယောက်ယောက် က ဖျက်သိမ်းပစ်လိုက်ပါလို့လည်း မတောင်းခံခဲ့ဘူး၊ သန္ဓေသားလောင်း လာယူတော့ အဲဒီ စုံတွဲ က ကိုယ်ဝန်ယူကြဖို့ သဘောတူ ပြီးထား ပြီးသား လို့ သူတို့ ယူဆခဲ့တယ်၊ အဲဒီတော့ လာတောင်းယူတဲ့ ကာယကံရှင်အမျိုးသမီး ကို ပေးအပ်လိုက်တာ သူတို့ အမှားမရှိပါဘူးလို့ ဆိုပါတယ်။

၂၁ ရာစုမှာ ကလေးယူခြင်း ၊ တရားဝင်ဖြစ်ခြင်း၊ မဖြစ်ခြင်း က စဉ်းစားစရာတွေ ဖြစ်လို့တော့ လာနေပါတယ်။

အခု ဒီလို အမှုအခင်းတွေ ဖြစ်လာတဲ့အချိန်မှာတော့ အဲဒီ ဂျပန် စုံတွဲ ဟာ တရားဝင်တော့ ကွာရှင်းလိုက်ကြပါပြီ။

BBC Burmese
http://www.bbc.com/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ