အများသုံးရေကန်ထဲတွင် အမျိုးသမီးတစ်ဦး ရေနစ်သေဆုံး


နတ်တလင်း - ဒီဇင်ဘာ၆ရက်

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့ ဇီးကုန်းလေးရပ်ကွက် ကံဦး(၁)လမ်းသွယ်ဘေးရှိ အများသုံးရေကန်၌ ဒီဇင်ဘာလ ၅ရက်နေ့ ညနေ ၃နာရီ ၅မိနစ် အချိန်ခန့်တွင် အမျိုးသမီးတစ်ဦး ရေနစ်သေဆုံးနေကြောင်း သတင်းအရ တာဝန်မှုးဒုရဲအုပ်ညီထက်အောင်နှင့်အဖွဲ့မှသက်သေများနှင့်အတူ အခင်းဖြစ်အရပ်သို့ သွားရောက် စစ်ဆေးခဲ့ပါသည်။

ရေနစ်သေဆုံးသူမှာ မဝင်းဝင်းဝါ(၁၈နှစ်) သီလစန္ဒာစက်ဝန်း မြို့မရပ်ကွက် နတ်တလင်းမြို့နေသူ ဖြစ်ကြောင်းသိရှိရပြီး ၎င်းမှာရေကန်စပ်နှင့် ပေ၂၀ခန့်အကွာတွင် မှောက်လျှက်အနေအထားဖြင့် တွေ့ရှိ၍ ဆယ်ယူစစ်ဆေးကြည့်ရာ သေဆုံးသူမှာနှုတ်ခမ်းပြာ လက်သီးများ ဆုပ်ထားပြီး လက်သီးဆုပ်ထဲ၌ ရွှံ့နှင့်မြက်ပင်များရှိနေသည်ကို စစ်ဆေးတွေ့ရှိရသည်။

ရေကန်မှာ ပေ၁၀၀ခန့်ကျယ်ဝန်းပြီး ရေအနက်မှာ ၁၂ပေခန့်ရှိသော အများသုံး ရေကန်ဖြစ်သည်။ မဝင်းဝင်းဝါ သေဆုံးခြင်းနှင့် ပတ်သက်၍ စုံစမ်းရာ အတူနေ ဖခင် တင်ယုံ(၅၂နှစ်)၏ပြောပြချက် အရ သမီးဖြစ်သူသည် ဒီဇင်ဘာ ၅ရက်နေ့ ညနေ ၅နာရီ ၂၀မိနစ် ခန့်အချိန်တွင် တာပွန်လမ်းရှိဦးမောင်မောင်ခင်နေအိမ်သို့ တီဗွီသွားကြည့်မယ်ဟုပြောပြီး နေအိမ်မှထွက်ခွါသွားခဲ့ကြောင်းညနေ ၆နာရီအချိန်အထိ ပြန်လည်ရောက်ရှိလာခြင်းမရှိသဖြင့် သွားရောက်မေးမြန်းရာ တီဗွီကြည့် မလာကြောင်းသိရှိရပြီး လိုက်လံရှာဖွေနေစဉ် ဒီဇင်ဘာ ၅ရက်နေ့ နံနက် ၆နာရီအချိန်တွင် အခင်းဖြစ်ပွားရာရေကန်စပ်၌ သေဆုံးသူ၏ ကတ္တီပါဖိနပ်အစိမ်းရောင် တစ်ရံ ၎င်းကိုင်ဆောင်သည့် Huawei အမျိုးအစား အနက်ရောင် ဖုန်းထည့်ထားသည့် အနီရောင်လွယ်အိပ်တို့အား ဦးဝင်းထိန် (၄၁နှစ်)ရေခဲမုန့်လုပ်ငန်း သီလစန္ဒာစက်ဝန်းနေသူမှတွေ့ရှိ၍ မြို့မရပ်ကွက် အုပ်ချုပ်ရေးမှုးဦးအုန်းမြင့်ထံ အပ်နှံထားခဲ့ကြောင်း ပြောပြသိရှိရသည်။

မဝင်းဝင်းဝါ သေဆုံးမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးပေးပါရန် ဒုရဲအုပ်ညီထက်အောင်က တရားလိုပြုလုပ် တိုင်တန်းရာ မြို့ရဲစခန်းက အမှုဖွင့်ထားရှိကာ အမှုအား ဒုတိယရဲမှုးမြင့်သိန်းဦးမှ လက်ခံ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

တင်မြင့် နတ်တလင်း
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
အများသုံးရေကန်ထဲတွင် အမျိုးသမီးတစ်ဦး ရေနစ်သေဆုံး အများသုံးရေကန်ထဲတွင် အမျိုးသမီးတစ်ဦး ရေနစ်သေဆုံး Reviewed by THITHTOOLWIN on 18:39 Rating: 5
Powered by Blogger.