အများပြည်သူပိုင်မြေတွေကို ပုဂ္ဂလိကတွေဆီကနေ ပြန်လည် သိမ်းယူမည်

မန္တလေးကျုံးမြို့ရိုးကိုတွေ့ရစဉ်။ Photo: RFA
မန္တလေးတိုင်းဒေသကြီးအတွင်း ဥပဒေနဲ့မညီဘဲ ရယူထားတဲ့ အများပြည်သူပိုင်မြေတွေကို ပြန်လည်သိမ်းဆည်းပြီး မူလသတ်မှတ်ထားတဲ့ အများနဲ့သက်ဆိုင်တဲ့နေရာတွေ ပြန်လည်ဖော်ထုတ်သွားဖို့ စီစဉ်နေတယ်လို့ တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုး က ဒီနေ့ ပြောပါတယ်။

ကျောင်း၊ ဆေးခန်း၊ ကစားကွင်းစတဲ့ မူလက သတ်မှတ်ထားတဲ့အတိုင်း ပြန်လည်ဖော်ဆောင်သွားဖို့ မန္တလေးတိုင်း ဝန်ကြီးချုပ်က အတည်ပြုလိုက်ပြီလို့ ချမ်းမြသာစည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုး က ပြောပါတယ်။

"နဂိုထဲက ကျောင်းလို့ သတ်မှတ်ထားတဲ့နေရာတွေပါတယ်၊ ဆေးခန်းလို့ သတ်မှတ်ထားတာတွေပါတယ်၊ အဲ့ဒါတွေကို လူပုဂ္ဂိုလ်တွေကို ချပေးလိုက်တာဆိုတော့ အဲဒါတွေကို ပြန်လည်သိမ်းဆည်းမှာပါ၊ ဥပဒေနဲ့ မညီတာတွေ အကုန်ပြန်သိမ်းမယ်၊ ဝန်ကြီးချုပ်ကိုယ်တိုင်က ပြည်သူကိုသိအောင်လို့ လွှတ်တော်မှာ သူကိုယ်တိုင်ပြောမယ်"

၂၀၁၆ ခုနှစ်က ကျင်းပတဲ့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်အထူးအစည်းအဝေးမှာ အစိုးရအကူးအပြောင်း ကာလအတွင်း အများပြည်သူပိုင်မြေနေရာတွေ ဥပဒေနဲ့မညီဘဲ လွှဲပြောင်းပေးခဲ့တာတွေကို စိစစ်ပေးဖို့အဆို တင်ခဲ့တာဖြစ်ပါတယ်။

အဲဒီအဆို အောင်မြင်သွားတဲ့အပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့က လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးနဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး စိစစ်စေခဲ့ပြီးနောက် အစိုးရအဖွဲ့ဝင်တွေက စစ်ဆေးပြီး  ဝန်ကြီးချုပ်က အတည်ပြုပေးလိုက်တာဖြစ်ပါတယ်။

ပြန်လည်သိမ်းယူမယ့် မြေနေရာတွေကို လက်ရှိကျင်းပနေတဲ့ မန္တလေးတိုင်းလွှတ်တော်အစည်းအဝေးမှာ ဝန်ကြီးချုပ်ကိုယ်တိုင် ကြေညာမှာဖြစ်တယ်လို့ ပြောပါတယ်။

ပြန်လည်စိစစ်ပေးဖို့ တင်ပြထားတဲ့ မန္တလေးတိုင်းအတွင်း မြေနေရာ ရာဂဏန်းလောက်ရှိပြီး အကုန်လုံးနီးပါး ကို ပြန်လည် စီစစ်ရယူသွားမှာဖြစ်ကာ ငွေသွင်းရယူထားသူတွေကို ငွေပြန်လည်ထုတ်ပေးသွားမှာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
အများပြည်သူပိုင်မြေတွေကို ပုဂ္ဂလိကတွေဆီကနေ ပြန်လည် သိမ်းယူမည် အများပြည်သူပိုင်မြေတွေကို ပုဂ္ဂလိကတွေဆီကနေ ပြန်လည် သိမ်းယူမည် Reviewed by THITHTOOLWIN on 18:41 Rating: 5
Powered by Blogger.