လက်ပံတောင်းစီမံကိန်းကိစ္စ တိုင်ကြားစာ တရုတ်သံရုံး လက်မခံ

လက်ပံတောင်းတောင် ကာကွယ်စောင့်ရှောက်ရေး ကော်မတီက ဒေါ်နော်အုန်းလှကို ဒီဇင်ဘာ ၁၄ ရက်နေ့က ရန်ကုန်မြို့၊ တရုတ်သံရုံးရှေ့တွင် တွေ့ရစဉ်/ Photo: Thant Zin Oo/ RFA
လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာအပေါ် ဦးပိုင်ကုမ္ပဏီနဲ့ တရုတ်ပိုင် ဝမ်ပေါင် ကုမ္ပဏီတို့က လိုက်နာမှုမရှိကြောင်း တိုင်ကြားစာကို လက်ပံတောင်းတောင် ကာကွယ်စောင့်ရှောက်ရေး ကော်မတီက ဒေါ်နော်အုန်းလှ ဦးဆောင်ပြီး ဒီကနေ့ ရန်ကုန်မြို့မှာရှိတဲ့ တရုတ်သံရုံးကို သွားရောက်ပေးပို့ခဲ့ပေမယ့် တရုတ်သံရုံးကလက်မခံခဲ့ပါဘူး။

တိုင်ကြားစာကို တရုတ်သံရုံးက တာဝန်ရှိသူတွေက လက်မခံတဲ့အတွက် မကြာခင်ရက်ပိုင်းအတွင်း နေပြည်တော်နဲ့ ရန်ကုန်မှာရှိတဲ့ တရုတ်သံရုံးတွေကို ဆန္ဒပြမယ်လို့ ဒေါ်နော်အုန်းလှက ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်က ၂၀၁၃ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာပါအချက်တွေကို ကုမ္ပဏီတွေဘက်က လိုက်နာဖို့ပျက်ကွက်တဲ့အတွက် စုံစမ်းစစ်ဆေးပြီး အရေးယူပေးဖို့အတွက် လက်ပံတောင်းတောင် ကာကွယ် စောင့်ရှောက်ရေး ကော်မတီအဖွဲ့ဝင် ၂၀ လောက်ဟာ အောက်ကြည့်မြင်တိုင်လမ်းမှာရှိတဲ့ အလုံရဲစခန်းရှေ့ကနေ လမ်းလျှောက်လာပြီး တရုတ်သံရုံးကို လာပေးတာပါ။

တိုင်ကြားစာကို ပေးပို့သူတွေက သံရုံးတာဝန်ရှိသူတွေ ကိုယ်တိုင်လက်ခံဖို့ တောင်းဆိုပေမယ့် သံရုံးဘက်က တာဝန်ကျရဲအရာရှိကနေတဆင့်ပေးဖို့ ပြောခဲ့တာဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၃ ရက် မနေ့ကလည်း နေပြည်တော်မှာရှိတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့နေအိမ်နဲ့ တရုတ် ယာယီဆက်သွယ်ရေးရုံးတွေဆီကို သွားရောက်ခဲ့ပေမယ့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့တားဆီးမှုကြောင့် တွေ့ခွင့်မရခဲ့လို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကတဆင့်ပဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆီကို စာပေးပို့ခဲ့ရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ အစိုးရလက်ထက်က သဘာဝပတ်ဝန်းကျင်ထိခိုက်တာနဲ့ ဒေသခံတွေရဲ့လူမှုဘဝတွေ နစ်နာတာတွေကြောင့် ဆန္ဒပြမှုတွေရှိခဲ့သလို လက်ရှိအချိန်အထိလည်း မြေယာကိစ္စတွေနဲ့ပတ်သက်ပြီး မကျေနပ်တဲ့ ဒေသခံတွေက ကန့်ကွက်ဆန္ဒပြတာတွေ ရှိနေသေးတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
လက်ပံတောင်းစီမံကိန်းကိစ္စ တိုင်ကြားစာ တရုတ်သံရုံး လက်မခံ လက်ပံတောင်းစီမံကိန်းကိစ္စ တိုင်ကြားစာ တရုတ်သံရုံး လက်မခံ Reviewed by THITHTOOLWIN on 20:04 Rating: 5
Powered by Blogger.