သမ္ဗာန်နစ်မြုပ်မှု ၃ ဦး ပျောက်ဆုံးနေဆဲဖြစ်

ရန်ကုန်တိုင်း၊ ဒလမြို့နယ် မြို့ဝင်ဆိုင်းဘုတ်ကို တွေ့ရစဉ်/ Photo: RFA
ရန်ကုန်တိုင်း၊ ဒလမြို့နယ်၊ ကမာကဆစ်ဆိပ်ကမ်းကနေ ရန်ကုန်ဘက်ကို မောင်းနှင်လာတဲ့ သမ္ဗာန်တစ်စီး ဒီကနေ့မနက်ပိုင်းမှာ နစ်မြုပ်ခဲ့တာကြောင့် လိုက်ပါလာသူ ၁၃ ဦးထဲက သမ္ဗာန်မောင်းသူအပါအ၀င် ၃ ဦး ပျောက်ဆုံးနေပါတယ်။

သမ္ဗာန်ပန်ကာမှာ ဒိုက်နဲ့ ငြိကာ ကုန်တင်တွဲသဘောင်္ ၂ စီးရဲ့ကြားကိုရောက်သွားပြီး လှိုင်းပုတ်လိုက်တဲ့အချိန်မှာ နစ်မြုပ်သွားတာလို့ သိရကြောင်း ဒလမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင် က ပြောပါတယ်။

"မနက် ၄ နာရီ ၃၀ မှာ ဇင်မင်းသူ မောင်းတဲ့သမ္ဗာန်ပေါ့နော်၊ သမ္ဗာန်ပန်ကာမှာ ဒိုက်ကပ်သွားတယ်၊ တွဲသင်္ဘော ၂ စီးကြားကို ရောက်သွားတယ်၊ အဲဒီသဘောင်္ ၂ စီးကြားမှာ ကန့်လန့်ခံသွားတယ်၊ လှိုင်းပုတ်လိုက်တဲ့အချိန်မှာ သမ္ဗာန်ရေယာဉ် နစ်မြုပ်သွားတယ်၊ အဲတော့ မောင်းတဲ့ ဇင်မင်းသူနဲ့ နောက်တစ်ယောက်က ပန်းရံလုပ်တဲ့ ကောင်လေးလို့ ပြောတယ်၊ နောက်ပြီးတော့ အမျိုးသမီးတစ်ယောက်၊ ပေါင်း ၃ ယောက်၊ အခုချိန်ထိ အလောင်းရှာလို့ မတွေ့သေးဘူး၊ အကုန်လုံး ၁၃ ယောက်လေ၊ ခရီးသည်က ၁၂ ယောက် မောင်းတဲ့သူက တစ်ယောက်"

ပျောက်ဆုံးနေသူတွေကို ဒီကနေ့ ညနေပိုင်းအထိ ရေယာဉ်တွေနဲ့ မြစ်ကြောင်းတစ်လျှောက် လိုက်ရှာနေဆဲ ဖြစ်ပါတယ်။

အခုလို သမ္ဗာန်ရေယာဉ်မှောက်တာတွေဟာ ဆိပ်ကမ်းနားမှာ ကုန်တင်တွဲသင်္ဘောတွေ ရပ်နားထားတာတွေကြောင့် ဖြစ်ပြီး တွဲသင်္ဘောတွေကို ရေယာဉ်တွေသွားလာတဲ့ လမ်းကြောင်းနဲ့ ဝေးတဲ့နေရာမှာ ရပ်နားဖို့အတွက် ပြည်တွင်း ရေကြောင်းနဲ့ ဆိပ်ကမ်းအာဏာပိုင်တွေကို အကြိမ်ကြိမ်တင်ပြခဲ့ပေမယ့် ဆောင်ရွက်မှုမရှိတာတွေကြောင့် အခုလို အဖြစ်မျိုးတွေ ကြုံတွေ့နေရတာဖြစ်တယ်လို့ ဦးထွန်းရင် က ပြောပါတယ်။

ဒီနေ့မနက်ပိုင်းက နစ်မြုပ်မှုဖြစ်တဲ့ သမ္ဗာန်ဟာ ကမ်းနဲ့ ပေ ၂၀၀ အကွာမှာ တိမ်းမှောက်တာဖြစ်ပြီး အဲဒီ သမ္ဗာန်ဆိပ်နားမှာ တွဲသင်္ဘော ၉ စီး ရပ်နားထားတာဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၇ ရက်နေ့တုန်းကလည်း ခရီးသည်တွေ တင်ဆောင်လာတဲ့ စက်လှေနဲ့ ကျောက်တင်သင်္ဘောတို့ ပုသိမ်မြို့၊ င၀န်မြစ်အတွင်း တိုက်မိခဲ့ပြီး စက်လှေမောင်းတစ်ဦး အပါအ၀င် လူအယောက် ၃၀ သေဆုံးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ရေကြောင်းပို့ဆောင်ရေးလုပ်ကိုင်တဲ့ ရေယာဉ်တွေပေါ်မှာ အသက်ကယ် ၀တ်စုံတွေ အလုံအလောက် မပါတာတွေကြောင့် အခုလို ရေယာဉ်နစ်မြုပ်မှုတွေမှာ လူသေဆုံးမှုတွေ ရှိနေတာလည်း ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
သမ္ဗာန်နစ်မြုပ်မှု ၃ ဦး ပျောက်ဆုံးနေဆဲဖြစ် သမ္ဗာန်နစ်မြုပ်မှု ၃ ဦး ပျောက်ဆုံးနေဆဲဖြစ် Reviewed by THITHTOOLWIN on 19:02 Rating: 5
Powered by Blogger.