ရိုက်တာသတင်းထောက်အမှုဆက်လုပ်ဖို့ ရဲကို အစိုးရတာဝန်ပေးလိုက်ပြီ

 ဖမ်းဆီးထားတဲ့ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး
ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းထောက်နှစ်ယောက်ရဲ့အမှုကို ဆက်လုပ်ဖို့ မြန်မာအစိုးရက ရဲတွေကို တာဝန်ပေးလိုက်ပြီးလို့ ရိုက်တာသတင်းဌာနရဲ့ အကြီးအကဲက ပြောပါတယ်။

အစိုးရတာဝန်ရှိသူတွေက ဖမ်းဆီးထားတဲ့ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို မိသားစုဝင်တွေနဲ့ အခုချိန်ထိ တွေ့ခွင့်မပေးသေးဘူးလို့လည်း ရိုက်တာရဲ့ ဥက္ကဌနဲ့ အယ်ဒီတာချုပ်လည်းဖြစ်တဲ့ စတီဖင် ဂျေ အက်ဒ်လာ က ဒီဇင်ဘာ ၁၉ ရက်နေ့ထုတ် ကြေငြာချက်မှာ ပြောဆိုထားပါတယ်။

စတီဖင် ဂျေ အက်ဒ်လာ က "ရိုက်တာသတင်းထောက်တွေဖြစ်တဲ့ ဝလုံးနဲ့ ကျော်စိုးဦး အဖမ်းခံရတာ တပတ်ရှိနေပြီး။ သူတို့ကျန်းမာရေးအခြေအနေနဲ့ သူတို့ကိုထိန်းသိမ်းထားတဲ့နေရာကို ကျနော်တို့မသိရသေးပါဘူး။ ကျနော်တို့ ရိုက်တာသတင်းဌာနကလူနဲ့ သူတို့မိသားစုဝင်တွေကိုလည်း အခုချိန်ထိ သူတို့နဲ့တွေ့ခွင့် မရသေးဘူး။ သူတို့အမှုကို ဆက်လုပ်ဖို့ အစိုးရက ရဲတွေကို ဒီကနေ့ ခွင့်ပြုလိုက်တယ်လို့ ကျနော်တို့သိရတယ်။"

"နိုင်ငံတကာစိတ်ဝင်စားတဲ့သတင်းတွေကို ဖေါ်ထုတ်ရေးသားရာမှာ ဝလုံးနဲ့ ကျော်စိုးဦးဟာ အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်တဲ့ သတင်းထောက်တွေဖြစ်ကြပါတယ်။ သူတို့မှာ ဘာအမှားမှ လုပ်ခဲ့တာမရှိဘူး။ သူတို့ကို ချက်ချင်းပြန်လွတ်ဖို့ ကျနော်တို့တောင်းဆိုပါတယ်" လို့ အက်ဒ်လာ က ပြောပါတယ်။

ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ဒီဇင်ဘာလ ၁၂ ရက်နေ့ညမှာ ထောက်ကြန့်နားမှာ ရဲတွေက ဖမ်းဆီးခဲ့ပြီး လျှို့ဝှက်အက်ဥပဒေပုဒ်မ ၃ နဲ့ တရားဆွဲထားပါတယ်။ ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ် ၁၄ နှစ်အထိ ကျနိုင်တယ်လို့ ဥပဒေကျွမ်းကျင်သူတွေက ပြောပါတယ်။

ရိုက်တာသတင်းထောက်နှစ်ယောက်အတွက် ရှေ့နေတွေဌားပေးနေပြီးလို့ ရိုက်တာရဲ့တာဝန်ရှိသူတွေက ဘီဘီစီကို ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
ရိုက်တာသတင်းထောက်အမှုဆက်လုပ်ဖို့ ရဲကို အစိုးရတာဝန်ပေးလိုက်ပြီ ရိုက်တာသတင်းထောက်အမှုဆက်လုပ်ဖို့ ရဲကို အစိုးရတာဝန်ပေးလိုက်ပြီ Reviewed by THITHTOOLWIN on 19:17 Rating: 5
Powered by Blogger.